ဇွန်-၁၁၊၂၀၂၆ ဟာနာဆန်၊People’s Spring
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၉ ရက်ကနေ ဒီကနေ့ ဇွန်လ ၁၁ ရက်အထိ မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေရာချီ မီးလောင်ပျက်စီးနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“၃ပုံ ၂ပုံလောက် အရှို့ခံရတယ်လို့ ကြားထားပါတယ်။ ဆင်မြေရွာက အိမ်ခြေရှိတာက ၁၀၀၀ ကျော်လောက်တယ်။ ဒီနေ့အထိကို မီးရှို့ပြီးမှ ပြန်ဆုတ်ခွါသွားကြတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါပေမယ့် စစ်တပ်ကတော့ ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာက PDF စခန်းတွေ သိမ်းနိုင်ခဲ့ပြီး PDF ရဲဘော် ၂ ဦးကျဆုံးတယ်လို့ ဝါဒဖြန့်နေပါတယ်။ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပေမဲ့ အဆိုပါစခန်းတွေဟာ စခန်းဟောင်းတွေသာဖြစ်ပြီး PDF ၂ ဦးကျဆုံးရတာကလည်း အသေခံဒရုန်းတွေကြောင့်သာဖြစ်ကြောင်း၊ တိုက်ပွဲမှာ စစ်တပ် ကသာ အထိနာခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်တောင်ပိုင်းကို အာဏာသိမ်း စစ်တပ်က ဇွန်လ ၁ ရက်ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။
ဇွန်လ ၅ ရက်မှာ ရှမ်းထူးကျေးရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာ ၄ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော်ဆိုသူ အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာမှာလည်း ပါရာမိုတာနဲ့ ဂွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ့နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။


















































