Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၃ နှစ်ကြာ သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင်မင်းသမီး ကွယ်လွန်

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

ဓာတ်ပုံ - EPA

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

မင်းသမီး ဘက်ဂျ်ရာ ကိုင်တီယာဘာဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကျန်းမာရေး အခြေအနေ ဆုတ်ယုတ်လာနေတယ်လို့ ဆရာဝန်တွေက ဝန်ခံခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။

မကွယ်လွန်ခင်မှာ မင်းသမီးဟာ နှလုံးမှာ ရောဂါပိုးဝင်ပြီး နှလုံးခုန်နှုန်း စည်းချက် အကြီးအကျယ် ပျက်ယွင်းတဲ့ အခြေအနေကို ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဘက်ဂျ်ရာ ကိုင်တီယာဘာ ကွယ်လွန်မှုဟာ ထိုင်းတော်ဝင် မိသားစုထဲမှာ အရည်အချင်း အပြည့်ဝဆုံး တော်ဝင်မျိုးနွယ် တစ်ဦးကို ဆုံးရှုံးရမှုလို့လည်း ယူဆနိုင်ပါတယ်။ သူဟာ ထိုင်းဘုရင် ဝဂျီရာလောင်ကွန်းရဲ့ သားသမီး ၇ ဦးထဲမှာ အကြီးဆုံးဖြစ်ပြီး ထိုင်းထီးနန်း အရိုက်အရာကို ဆက်ခံမယ့် သူတွေထဲမှာ အထူးတလည် ထည့်သွင်း စဉ်းစား ခံရသူလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ချူလာလောင်ကွန်း ဆေးရုံမှာ ဆရာဝန်တွေဟာ မင်းသမီးကို အသက်ကယ်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး အသုံးပြုပြီး အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် လက်လွှတ်လိုက်ရကြောင်း နန်းတော်က ထုတ်ပြန်ပါတယ်။ မင်းသမီးဘာဟ်လို့ ထိုင်းပြည်သူတွေက ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ ဘက်ဂျ်ရာ ကိုင်တီယာဘာဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက သူ့ရဲ့ ခွေးလေးတွေကို လေ့ကျင့်ပေးနေရင်း ရုတ်တရက် လဲကျသွားပြီး အဲဒီအချိန်ကစလို့ ကိုမာဝင်နေခဲ့တာပါ။ နောက်ပိုင်းမှာတော့ အဲဒီကိစ္စဟာ သူ့ရဲ့ နှလုံးကျန်းမာရေး ပြဿနာနဲ့ တိုက်ရိုက်ပတ်သက်ကြောင်း နန်းတော်က ကြေညာခဲ့ပါတယ်။

ဘက်ဂျ်ရာ ကိုင်တီယာဘာဟာ အမေရိကန်မှာ ပညာသင်ကြားခဲ့တဲ့ အနောက်တိုင်း ပညာတတ် ရှေ့နေတစ်ဦး ဖြစ်ပါတယ်။ သူဟာ နယူးယောက်မြို့မှာ ကုလသမဂ္ဂရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံတမန်ရေး ကိုယ်စားလှယ် အဖြစ်လည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူဟာ ဩစတြီးယား နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးပြီး ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး (UNODC)လို့ အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ပါတယ်။

ဘက်ဂျ်ရာ ကိုင်တီယာဘာဟာ လေးစားခံထိုက်တဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တစ်ဦး၊ အားကစား လိုက်စားသူ တစ်ဦးအနေနဲ့လည်း လူသိများပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ခမည်းတော် ထိုင်းဘုရင်က သူ့ကို သက်တော်စောင့်တပ် အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် သူဟာ စစ်ဘက်ရာထူးအရ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ကိုယ်တိုင်က အရည်အချင်း ပြည့်ဝသလို ဖခင်ရဲ့ ယုံကြည်မှုကိုလည်း ရရှိထားတာကြောင့် တော်ဝင်မင်းသမီးဟာ အနာဂတ်မှာ ထိုင်းထီးနန်းကို ဆက်ခံရဖွယ် ရှိတယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့တာပါ။ အသက် ၇၃ နှစ်အရွယ် ထိုင်းဘုရင်ဟာ အခုအချိန်ထိ အိမ်ရှေ့စံ ဘယ်သူဘယ်ဝါဆိုတာ မရွေးချယ်သေးပါဘူး။

ထိုင်းနိုင်ငံရဲ့ ထုံးတမ်းတွေအရ သားယောက်ျားလေးတွေကိုပဲ ထီးနန်းအတွက် ဦးစားပေး စဉ်းစားလေ့ ရှိပေမယ့် ၁၉၇၄ ခုနှစ်မှာ ပြင်ဆင်ခဲ့တဲ့ ဖွဲ့စည်းပုံ ဥပဒေအရ အမျိုးသမီးတွေလည်း ထီးနန်းဆက်ခံခွင့် ရှိလာပါတယ်။ ထိုင်းဘုရင်မှာ သား ၅ ယောက် ရှိပေမယ့် ၄ ယောက်ကတော့ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလို့ သတ်မှတ် ခံရပြီး အမေရိကန်မှာပဲ မိခင်နဲ့အတူ နေထိုင်နေပါတယ်။ တတိယ ဇနီးနဲ့ ရခဲ့တဲ့ သားဖြစ်သူ ဒီပန်ကွန်ကတော့ ထိုင်းထီးနန်းကို ဆက်ခံဖို့ အရည်အချင်းပိုင်း လုံလောက်ရဲ့လားလို့ မေးခွန်းထုတ် ခံထားရပါတယ်။

ဒါကြောင့်လည်း ထိုင်းပြည်သူ အများစုဟာ မင်းသမီး ဘက်ဂျ်ရာ ကိုင်တီယာဘာကိုပဲ အနာဂတ် ထိုင်းဘုရင်မလို့ ယူဆထားကြပါတယ်။ သူကွယ်လွန်သွားခြင်းက ထိုင်းထီးမွေနန်းလျာ ဆက်ခံရေးကိစ္စ နောက်ဆက်တွဲ အခြေအနေတွေကို ပိုပြီး မရေမရာ ဖြစ်လာစေခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။