ဇွန်-၁၄ ၊၂၀၂၆။မိုမို/People’s Spring
မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ် ၂စီးကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဇွန်လ ၇ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်က ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် တိုက်ခိုက်ခံရတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ တောပုပြည်သူ့စစ်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က အထိုင်စခန်းချလိုက်တာလို့ ဆိုပါတယ်။

Public Service Announcement
“ပြည်သူတွေကို ငွေညစ် ဖမ်းဆီးရေးတွေ လုပ်နေတာပါဘဲဗျ။အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်။အများပြည်သူ သွားလာလူပ်ရှားနေတဲ့ လမ်းပိုင်းမှာ သူတို့ကကားတွေကို ပိုက်ဆံကောက်တယ် ဖမ်းဆီးတယ်”လို့ မုံရွာအခြေစိုက်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ဒါ့ကြောင့် အရပ်သားပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို မဖြစ်မနေအသုံးပြုရပါက သတိပြုနေထိုင်ဖို့ သူကတိုက်တွန်းပါတယ်။
“မုံရွာ မြို့အထွက်ကနေ ချောင်းဦးနေရာ အစပ်ထိဆိုရင် ဂိတ်လေးခုရှိသွားတာပေါ့။ဂိတ်အကုန်လုံးက ငွေကောက်တယ်။မထင်ရင် မထင်သလို လူငယ်အမျိုးသားတွေကို ဖမ်းတာရှိတယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင်လက်ရှိမှာ စစ်တပ်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ချောင်းဦးမြို့ပေါ်ကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေတာရှိပါတယ်။
အခုဇွန်လ ၄ ရက်ကနေ ၉ ရက်အထိ ချောင်းဦးမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၆ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်မြေကျေးရွာက နေအိမ် ၁၀၀ကျော်၊ မှန်ချိုရွာက နေအိမ်၂၅လုံးနဲ့ ငါးလုံးတင်ရွာက နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။အဲဒီစစ်ကြောင်းဟာ ချောင်းဦးမြို့အတွင်း ပြန်လည်ဝင်ရောက်အထိုင်ချထားတယ်လို့ သိရပါတယ်။


















































