ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၁၅ ရက်နေ့မှာ Tu-22M3 ဗုံးကြဲလေယာဉ် ပျက်ကျခဲ့တာဖြစ်ပြီး အဖွဲ့သား ၄ ဦးကတော့ အန္တရာယ်ကင်းကင်းနဲ့ အချိန်မီ ခုန်ထွက် လွတ်မြောက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီနေ့မှာပဲ အမေရိကန်ရဲ့ B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး တစ်စီးလည်း ဖလော်ရီဒါမှာ ပျက်ကျခဲ့ပါသေးတယ်။ အမေရိကန် လေယာဉ် အဖွဲ့သားတွေကတော့ ရုရှားတွေလောက် ကံမကောင်းခဲ့ဘဲ လိုက်ပါသွားသူ ၈ ဦးစလုံး သေဆုံးခဲ့ပါတယ်။
မဟာဗျူဟာ ဗုံးကြဲလေယာဉ် ဆိုတာဟာ နျူကလီးယား လက်နက်တွေ အများအပြား တင်ဆောင်ပြီး ခရီးဝေး ပျံသန်း တိုက်ခိုက်နိုင်တဲ့ အမျိုးအစားကို ဆိုလိုတာပါ။ တစ်ကမ္ဘာလုံးမှာ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ ပိုင်ဆိုင်တဲ့ နိုင်ငံဆိုလို့ အမေရိကန်၊ ရုရှားနဲ့ တရုတ် သုံးနိုင်ငံပဲ ရှိပါတယ်။

Public Service Announcement
Tu-22M3တွေဟာ ရုရှားရဲ့ နောက်ဆုံးပေါ် Kinzhal ဟိုက်ပါဆောနစ် ဒုံးကျည်တွေကိုလည်း တပ်ဆင် ပစ်ခတ်နိုင်ပါတယ်။ ဆိုဗီယက်ခေတ် ဒီဇိုင်းနဲ့ တည်ဆောက်ထားပြီး အသံထက်မြန်အောင် ပျံသန်းနိုင်စွမ်း ရှိပါတယ်။
အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယို တစ်ခုမှာတော့ အန်ဂါရာ မြစ်ကမ်းနံဘေးက တောတန်း တစ်နေရာဆီ Tu-22M3လို့ ယူဆရတဲ့ လေယာဉ်တစ်စီး ဦးစိုက်ပြီး ထိုးကျသွားပြီးတဲ့နောက် အနက်ရောင် မီးခိုးလုံးကြီး ထွက်ပေါ်လာတာကို တွေ့ခဲ့ရပါတယ်။
Tu-22M3တွေမှာတော့ အဖွဲ့သားတွေအတွက် ခုံနဲ့တွဲလျက်သား လေထီးခုန်ထွက်နိုင်တဲ့ လုံခြုံရေးစနစ် ထည့်သွင်းပေးထားပြီး အားလုံး အသက်ရှင်ခဲ့ကြောင်း၊ ဆေးရုံတင်ထားရပေမယ့် အသက်အန္တရာယ် စိုးရိမ်ရသူ တစ်ဦးမှ မပါကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ပျက်ကျချိန်မှာ လေယာဉ်ဟာ စစ်လက်နက်တွေ တင်ဆောင်ထားတာလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ကာမန်ကာ ရွာနားမှာ လေယာဉ် ပျက်ကျခဲ့တဲ့ နေရာဆီ မီးသတ်တပ်ဖွဲ့တွေ အရေးတကြီး သွားရောက်ပြီး မီးငြှိမ်းသတ်ခဲ့ရသလို လေယာဉ် အဖွဲ့သားတွေကိုလည်း ကယ်ဆယ်ခဲ့ရပါတယ်။
ကနဦး အချက်အလက်တွေအရ လေယာဉ်ဟာ အင်ဂျင်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့တာလို့ ယူဆရပြီး အသေးစိတ် အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲပါ။
Tu-22M3တွေဟာ မူလလက်ဟောင်း Tu-22တွေကို အဆင့်မြှင့်တင်ထားတာဖြစ်ပြီး ဆီးရီးယားစစ်ပွဲနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ယူကရိန်း စစ်ပွဲတွေမှာ ရုရှားက အသုံးပြုနေပါတယ်။ ရုရှားဟာ Tu-22M3 စုစုပေါင်း အစီး ၆၀ နီးပါးလောက်ထိ ပိုင်ဆိုင်ဖူးပေမယ့် ပျက်ကျမှုတွေ၊ ယူကရိန်း စစ်ပွဲမှာ ဆုံးရှုံးတာတွေ၊ အပိုပစ္စည်း ပြတ်လပ်မှုတွေကြောင့် ထက်ဝက်နီးပါးလောက်ကိုသာ လက်တွေ့ အသုံးပြုနေနိုင်တယ်လို့ ယုံကြည်ရပါတယ်။
ကိုးကား: Reuters


















































