ဇွန်-၁၆၊ ၂၀၂၆။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ဇွန်လ ၁၅ ရက်က ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်၊ သာသနာ့ဗိမာန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးပွဲ ပြုလုပ်ရာ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု တစ်ထောင်ကျော်ရှိပေမဲ့ တက်ရောက်သူ လူတစ်ရာကျော်သာရှိလို့ ပွဲပျက်သွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“လူမလာလို့ လော်စပီကာနဲ့ လိုက်အော်နေတယ်။ မိုးတွေလည်းရွာနေတော့ သိပ်မသွားကြဘူး”လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိ အုပ်ချုပ်ရေးမှူးက အုပ်ကြီး အသစ်ရွေးပွဲကို လူသိအောင် ကြိုမဖိတ်တဲ့အတွက် ပြည်သူတွေမလာတာလို့ဆိုကာ မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဆီ တိုင်ကြားခံရတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် ပြည်သူအများစုကတော့ စိတ်ပါဝင်စားမှုမရှိတာကြောင့် မတက်ရောက်ကြတာဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။
အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲကို ဇွန်လ ၁၇ ရက် ညနေ ၃ နာရီမှာ ထပ်မံကျင်းပသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းအတွင်း အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ယခု ဇွန်လအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်ခိုင်းနေပြီး လုပ်လက်စ အုပ်ကြီးတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေသာ ပြန်အရွေးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


















































