ဇွန်-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။
စစ်တပ်ဟာ ရွှေကူမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်အင်အားဖြည့်တင်းတာ စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
“ အကြမ်းဖက်စစ်ကော်မရှင် တပ်သားများသည် KIA/ K-PDF ဝတ်စုံများကို ဝတ်ဆင်အသုံးပြုကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများလည်း ပြုလုပ်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကော်မရှင်တပ်၏ ရိုင်းစိုင်းယုတ်မာမှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို မိဘပြည်သူများ အနေဖြင့် မြင်ကြားသိရှိ ခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အသိနှင့်သတိ ဆင်ခြင်ကာ သွားလာနေထိုင်ကြရန်၊ အကြမ်းဖက်စစ်ကော်မရှင်တပ်နှင့် ဝေးဝေးနေကာ ရှောင်ရှားနေထိုင်ကြရန် လေးစားစွာ အသိပေးအပ်ပါသည်” လို့ ရွှေကူ KPDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement
စစ်တပ်ရဲ့ တော်လှန်ရေးတပ်အသွင်ဆောင်လုပ်ဆောင်မှုဟာ ကချင်ဒေသသာမက အခြားဒေသတွေမှာလည်း ရှိခဲ့ပြီး တော်လှန်ရေးတပ်တွေကို ပုံဖျက်တာ၊ ပြည်သူအထင်မှားအောင်လုပ်ဆောင်တာတွေရှိခဲ့ပါတယ်။
“KIA နဲ့ PDF အပေါ် ပြည်သူတွေ အထင်မှားလာအောင်ညယုံကြည်မှုနည်းလာအောင် စကစက နည်းလမ်းပေါင်းစုံကြိုးပမ်းနေတယ်လို့မြင်တယ်” လို့ ကချင်သတင်းရင်းမြစ်က ရွှေကူနယ်အတွင်း စစ်တပ်ရဲ့ လုပ်ရပ်အပေါ် မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် KIA သိမ်းထားတဲ့ မဘိမ်းမြို့နဲ့ KIA ပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဖော် ဆောင်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။
အခြားသတင်းကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း စစ်ကောင်စီဟာ ဗန်းမော်ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေရာ ရွှေကူဒေသမှာ စစ်ကြောင်းသုံးကြောင်း လှုပ်ရှားနေပြီး စစ်ကြောင်းတကြောင်းကဗန်းမော်ကိုဦးတည်နေတာလို့ ပြောပါတယ်။
စစ်တပ်ဟာ ရွှေကူ ၊ ဗန်းမော်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ မဘိမ်းမြို့နယ် ငါးအိုးဒေသကနေ စစ်ကြောင်းအများအပြားနဲ့ စစ်အင်အားဖြည့်တင်းနေလို့ မေလဆန်းကနေ အခုထိ ငါးအိုး-ရွှေကူကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်တပ်ဟာ ရှမ်းမြောက်က KIA သိမ်းထားတဲ့ နမ့်ဖက်ကာ နဲ့ လက်ရှိ ကိုးကန့်တပ် နေရာယူထားတဲ့ ကွတ်ခိုင်၊ တအာင်းတပ် နေရာယူထားတဲ့ နမ့်ခမ်း စတဲ့ဒေသတွေ ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။


















































