Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန် ကန့်သတ်မှုတွေ တရုတ် အစိုးရက သတ်မှတ်

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ တရုတ် ကုမ္ပဏီတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က နာမည်ပျက် စာရင်းသွင်းခဲ့တဲ့ လုပ်ရပ်အပေါ် တိုက်ရိုက် တုံ့ပြန်မှုလို့လည်း တရုတ် အစိုးရက ဇွန်လ ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

စူပါပါဝါ ပြိုင်ဘက် နှစ်နိုင်ငံကြားက ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီ သွားရောက် လည်ပတ်ပြီး တစ်လလောက် အကြာမှာ အခုလို အခြေအနေတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အဲဒီ ခရီးစဉ် အတောအတွင်း တရုတ်နဲ့ အမေရိကန် အစိုးရတွေဟာ အပြန်အလှန် ကုန်သွယ်ရေး အခွန်စည်းကြပ်မှုတွေကို လျှော့ချဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း နှစ်ဖက်စလုံးဟာ နည်းပညာနဲ့ ကာကွယ်ရေးဆိုင်ရာ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး အပြန်အလှန် အကဲစမ်းမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် စစ်တပ်ကို ပံ့ပိုးကူညီနေတယ်လို့ စွပ်စွဲပြီး ဒီလထဲမှာ တရုတ် ကုမ္ပဏီ ၈၀ လောက်နဲ့ လက်ဝေခံ လုပ်ငန်းခွဲတွေကို အမေရိကန်က နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။ အဲဒီထဲမှာ ထိပ်တန်း နည်းပညာ လုပ်ငန်းစုကြီးတွေ ဖြစ်ကြတဲ့ Alibabaနဲ့ Baidu၊ မော်တော်ကား ကုမ္ပဏီ BYDတို့လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်ကလည်း လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ကုမ္ပဏီတွေဆီ ပို့ကုန်ဆိုင်ရာ တားဆီး ပိတ်ပင်မှုတွေ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေလို့ စွပ်စွဲပြီး တရုတ် ကုမ္ပဏီတွေအပေါ် အမေရိကန်က ရန်လိုတဲ့ လုပ်ရပ်မျိုး ပြသခဲ့တဲ့အတွက် အခုလို ပို့ကုန် ထိန်းချုပ်မှု သတ်မှတ်ချက်တွေ ပြဋ္ဌာန်းခဲ့တာ ဖြစ်ကြောင်း၊ ဒါဟာ တရုတ်ရဲ့ အမျိုးသား လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ထားတဲ့ အစီအမံလည်းဖြစ်ကြောင်း တရုတ်ဖက်က ထုတ်ပြန်ပါတယ်။

တရုတ်က ပို့ကုန်ကန့်သတ် အရေးယူမယ့် အမေရိကန် ကုမ္ပဏီတွေထဲမှာ Aveoxလည်း ပါဝင်လာပါတယ်။ အဲဒီ ကုမ္ပဏီဟာ အမေရိကန် စစ်တပ်နဲ့ လေကြောင်း ကာကွယ်ရေး စစ်လက်နက်ဆိုင်ရာ ကန်ထရိုက် စာချုပ်တွေ ချုပ်ဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန်အတွက် စစ်သုံးယာဉ်တွေ ထုတ်လုပ်ပေးနေတဲ့ Oshkosh ကုမ္ပဏီလည်း တရုတ်ရဲ့ ပို့ကုန် ပိတ်ဆို့မှုတွေကို ခံရမှာ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန် မြေရှားသတ္တု လုပ်ငန်းစုကြီးတွေဖြစ်တဲ့ MP Materialsနဲ့ USA Rare Earthတို့ဟာလည်း တရုတ်ရဲ့ လက်တုံ့ပြန်မှု စာရင်းထဲမှာ ပစ်မှတ်ထား ခံခဲ့ရပါတယ်။

အဲဒီ ကုမ္ပဏီ ၁၀ ခုနဲ့ ဆက်စပ်တဲ့ ပို့ကုန် လုပ်ဆောင်ချက် အားလုံးကို တရုတ် ပို့ကုန် လုပ်ငန်းရှင်တွေက ချက်ချင်း ရပ်စဲရမယ်လို့ တရုတ်အစိုးရရဲ့ စီးပွားရေး ဝန်ကြီးဌာနက ညွှန်ကြားခဲ့ပါတယ်။ နောက်ပြီး တရုတ်က ထုတ်လုပ်တဲ့ စစ်ဘက်-အရပ်ဖက် နှစ်မျိုး အသုံးပြုနိုင်တဲ့ ကုန်စည်တွေကို အဲဒီ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ဆောင်နေတဲ့ တခြားနိုင်ငံတွေကလည်း လွှဲပြောင်းမှုကို ဆိုင်းငံ့ထားရမယ်လို့ ဆိုပါတယ်။

တပြိုင်တည်းမှာပဲ တရုတ် ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း Lockheed Martin၊ Raytheon၊ Boeing ကာကွယ်ရေး ဌာနခွဲတို့ အပါအဝင် အမေရိကန် ကုမ္ပဏီ ၄၆ ခုရဲ့ ထုတ်ကုန်တွေကို တရုတ်ကုမ္ပဏီတွေ ဝယ်ယူခွင့် ပိတ်ပင်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ အမေရိကန် စစ်တပ်နဲ့ ကန်ထရိုက် စာချုပ်တွေ ချုပ်ဆိုထားတဲ့ General Dynamicsနဲ့ Anduril စက်မှုလုပ်ငန်းတွေရဲ့ လက်အောက်ခံ လုပ်ငန်းခွဲတွေပါ အကျုံးဝင်လာပါတယ်။

တရုတ်မှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီတွေကတော့ အခု အရေးယူမှုတွေကနေ ခြွင်းချက်အနေနဲ့ ကင်းလွတ်ခွင့် ရမှာဖြစ်ကြောင်း တရုတ် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် စီးပွားရေး ဝန်ကြီးဌာနဟာ ၂၀၂၄ နဲ့ ၂၀၂၅ တုန်းကလည်း ထိုင်ဝမ်ဆီ အမေရိကန်က လက်နက် ရောင်းချခဲ့တာကို အကြောင်းပြုပြီး အမေရိကန် ကုမ္ပဏီ တချို့အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ကြေညာထားခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီက ရေလမ်းကြောင်း အသုံးပြုခတွေ အီရန်က ကောက်ခံတာမျိုးကို အမေရိကန်က လက်ခံ ခွင့်ပြုမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို အီရန်က စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းခဲ့တဲ့ အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ ကနဦး တွေ့ဆုံမှု အစီအစဉ်တွေဟာ စိတ်ကျေနပ်စရာ တိုးတက်မှုမျိုးတွေနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ အစည်းအဝေး ဖြစ်မြောက်အောင် ကူညီခဲ့တဲ့ ကာတာနဲ့ ပါကစ္စတန် အစိုးရတွေက ထုတ်ပြန်ပါတယ်။