ယူကရိန်းနဲ့ နယ်စပ်နားမှာ တပ်တွေ စုရုံးထားတဲ့နောက် ရုရှားက ယူကရိန်းနဲ့ အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေဆီ ဦးတည်တဲ့ တောင်းဆိုမှုတချို့ ပြုလုပ်လိုက်ပါတယ်။
ရုရှားရဲ့ တောင်းဆိုမှုတွေက အရှေ့ဥရောပ ဒေသမှာ NATO စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ် လျှော့ချပေးဖို့ အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာအရေး စောင့်ကြည့် လေ့လာသူတွေကတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ တောင်းဆိုမှုတွေကို NATO အနေနဲ့ လိုက်လျောသွားမယ့် အလားအလာ မရှိနိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
ရုရှားဟာ ယူကရိန်းနဲ့ နယ်စပ်နားမှာ စစ်သည်အင်အား အလုံးအရင်း စုရုံး ဖြန့်ကျက်ထားတဲ့နောက် ယူကရိန်းကို ကျူးကျော် စစ်ပြုလာမယ့် အခြေအနေအတွက် အနောက်နိုင်ငံတွေက စိုးရိမ်နေပါတယ်။ ၂၀၁၄ တုန်းကလည်း ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီး ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို သိမ်းပိုက်ခဲ့ဖူးပါတယ်။ ရုရှားက သူတို့ဟာ ယူကရိန်းကို နောက်တစ်ကြိမ် စစ်တိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ခန့်မှန်းမှုတွေကို ငြင်းဆိုထားပြီး ယူကရိန်းကသာ မကြာခဏ ရန်စနေတာလို့ တုံ့ပြန် စွပ်စွဲထားပါတယ်။
ရုရှားက တောင်းဆိုမှုတွေမှာ ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ် မသတ်မှတ်ရေး၊ ယူကရိန်းနဲ့ NATOတို့ကြား စစ်ရေး ပူးပေါင်း လေ့ကျင့်တာတွေ လျှော့ချရေး အစရှိတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီတောင်းဆိုမှုတွေကို လိုက်နာ ဖြည့်ဆည်းပေးမှသာ ဒေသတွင်းက တင်းမာမှုတွေကို လျော့ကျစေလိမ့်မယ်လို့ ရုရှားက ပြောပါတယ်။

Public Service Announcement
အမေရိကန် ပြည်ထောင်စုက ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုရှားနဲ့ စေ့စပ် ဆွေးနွေးဖို့ လမ်းဖွင့်ထားမယ်လို့ ပြောပေမယ့် ကိုယ်တိုင်က တခြား အလေးထားရမယ့် ပြဿနာတွေ တော်တော်များများ ရှိနေပြန်ပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ဂျန်ဆာကီကတော့ အမေရိကန်ဟာ ယူကရိန်း-ရုရှား ပြဿနာမှာ တစ်ဦးတည်း ဦးဆောင် ဆွေးနွေးတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။
ရုရှားရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ ရက်ဘ်ကော့ဗ်က ရုရှား အစိုးရဟာ အမေရိကန်နဲ့ NATO မဟာမိတ် အဖွဲ့ဆီ အဆိုပြု စာချုပ် မူကြမ်းနှစ်ခု ပေးပို့ထားတယ်လို့ ဆိုပါတယ်။ ပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် ဒီတောင်းဆိုမှုတွေကို ဆွေးနွေးဖို့အပြင် တခြား ရွေးချယ်စရာ နည်းလမ်း မရှိဘူးလို့လည်း သူက ပြောပါတယ်။
ရုရှားရဲ့ တောင်းဆိုမှုတွေက အတော်လေး တစ်ဖက်သတ် ဆန်နေပြီး ဆိုဗီယက် ပြည်ထောင်စုဟောင်းကနေ ခွဲထွက် ထူထောင်တဲ့ နိုင်ငံတွေ အနေနဲ့ ရုရှားကို ခြိမ်းခြောက်တဲ့ သဘောဆောင်မယ့် လက်နက် တပ်ဆင်မှုတွေ၊ တပ်ဖြန့် နေရာချမှုတွေ မလုပ်ဆောင်ရဘူး ဆိုတာမျိုးတွေ ပါဝင်နေပါတယ်။ ရုရှားပိုင်နက် အပြင်ဖက် ရေပြင်၊ မြေပြင်တွေမှာ အကြီးစား ဗုံးကြဲလေယာဉ်တွေ မပျံသန်းဖို့၊ စစ်သင်္ဘောတွေလည်း ခွင့်ပြုချက် မရဘဲ မခုတ်မောင်းဖို့ အစရှိတဲ့ တောင်းဆိုမှုတွေကိုလည်း ရုရှားက အဆိုပြုထားပါတယ်။
အခြေအနေတွေ တင်းမာနေချိန်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း တကယ်လို့သာ ရုရှားက စစ်ပြု တိုက်ခိုက်လာရင် ၂၀၁၄ တုန်းကလို အလွယ်တကူ အသာစီး မရစေရဘူးလို့ ပြောကြားထားပါတယ်။ ယူကရိန်းဟာ ဥရောပ သမဂ္ဂ နိုင်ငံတွေနဲ့ရော၊ ရုရှားနဲ့ပါ နယ်နိမိတ် ထိစပ်နေပြီး မဟာဗျူဟာ အချက်အခြာကျတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။


















































