Connect with us

Hi, what are you looking for?

သတင်း

ဖုန်းအားသွင်းဖို့ မပူနဲ့ မြစ်ဆုံလုပ်တော့မယ်၊ သဘာ၀ဘေး ငလျင်ဘေး ပူစရာမလိုဟု စစ်တပ်ရဲ့ ကချင်ဝန်ကြီးချုပ် ပြောဆိုစည်းရုံး

စစ်တပ်က မြစ်ဆုံဆည်ကို ၈ နှစ်ခွဲအတွင်း အပြီးတည်ဆောက်မယ်လို့ဆို

စစ်တပ်ခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဒေါက်တာခက်ထိန်နန်။ ဓာတ်ပုံ -စစ်ကောင်စီ

ဇွန် ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က မြစ်ဆုံဆည် စီမံကိန်း လုပ်ဆောင်တော့မယ်လို့ စစ်တပ်ခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် မိုးမောင်းမြို့နယ် ဆားမှော်ဒေသကိုရောက်ရှိစဉ် ဒေသခံတွေကို ပြောကြားခဲ့ပြီး ဖုန်းအားသွင်းဖို့ မပူဖို့၊ သဘာ၀ဘေး ငလျင်ဘေး မပူဖို့ ပြောဆိုခဲ့ပါတယ်။

ဇွန်လလယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ ပါသွားတဲ့ ဦးခက်ထိန်နန်ဟာ တရုတ်ခရီးစဉ်မှာ သဘောတူညီချက်တွေရရှိခဲ့တဲ့ အခြေအနေတွေနဲ့ မြစ်ဆုံဆည်ကို ၈နှစ်ခွဲအတွင်း အပြီးတည်ဆောက်မယ်ဆိုတာတွေကို ဒေသခံတွေကို ပြောပြခဲ့တာပါ။

လက်ရှိမှာ လျှပ်စစ်ဓာတ်အား ဆင်းရဲလို့ ဖုန်းအားသွင်းဖို့တောင် တော်တော်ဒုက္ခရောက်ခဲ့ကြောင်း ဦးခက်ထိန်နန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အဲဒါလည်း ဘာမှ မပူနဲ့ လက်ခုပ်သာတီးလိုက်။ မြစ်ဆုံလုပ်တော့မယ်။မြစ်ဆုံလုပ်ရင် သဘာ၀ဘေးကြောင့်ငလျင်ကြောင့် ပြိုဖို့အတွက် စိုးရိမ်စရာမလိုတော့ဘူး။အခုက ကမ္ဘာမှာ နောက်ဆုံးပေါ်နည်းနဲ့လုပ်မယ်” လို့ ဦးခက်ထိန်နန်က ပြောပါတယ်။

ဦးခက်ထိန်နန်ဟာ အရင်က မြစ်ဆုံဆည်စီမံကိန်းကို ရှေ့တန်းက ကန့်ကွက်ခဲ့သူဖြစ်ပြီး အာဏာသိမ်းစစ်တပ် လက်ထက်မှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် မြစ်ဆုံစီမံကိန်း လုပ်ဆောင်ဖို့ စည်းရုံးမှုတွေ လုပ်ဆောင်လာနေသူလည်းဖြစ်ပါတယ်။ အရင်က စီမံကိန်း ကန့်ကွက်ခဲ့မိတဲ့ အပေါ် နောင်တရတယ်လို့လည်း ဦးခက်ထိန်နန်က ပြောပါတယ်။

ငလျင်ကလည်း ကချင်ပြည်နယ်မှာ အလွန်ပြင်းထန်တာမျိုး မရှိခဲ့လို့ အခု မြစ်ဆုံဆည်ဆောက်ရင် ငလျင်ဒဏ်ခံနိုင်တဲ့ အဆင့်အထိ ဆောက်မှာဖြစ်လို့ စိုးရိမ်စရာမလို ဘူး၊ ရေးကြီးရေလျှံ သဘာ၀ဘေးလည်းစိုးရိမ်စရာမလိုဘူးဆိုပြီး ပြောဆိုစည်းရုံးနေတာပါ။ ပူတာအိုမှာ မိုးသည်းထန်စွာရွာရင် မြစ်ဆုံမှာလှောင်ထားတဲ့ ရေတွေ ဖောက်ထုတ်လိုက်မယ်လို့ သူက ပညာရှင်တွေရဲ့ ထောက်ပြသတိပေးမှုတွေကို လျစ်လျူရှုပြီး စည်းရုံးပြောဆိုနေတာလည်းဖြစ်ပါတယ်။

ဆည်ကို ဂြိုလ်တုကနေ ကြည်ပြီး အက်ရင်ပြိုရင် ပြင်မယ်ဆိုတာမျိုး၊ တရုတ်နဲ့ လက်တွဲလုပ်ဖို့ MOU လက်မှတ်ထိုးခဲ့တာတွေ၊ အစိုးရသစ်ဖြစ်လို့ အရင်ထက်ပိုတိုးတက် ဖွံ့ဖြိုးတည်ငြိမ်လာမယ် စတာတွေကို ပြောဆိုပြီး ဒေသခံတွေကို စည်းရုံးနေတာဖြစ်ပါတယ်။

ဦးခက်ထိန်နန်ရဲ့ ဆားမှော်ခရီးစဉ်မှာ ပြောဆိုတဲ့ ရုပ်သံမှတ်တမ်းကို Kachin News Group က ဒီကနေ့ ဖော်ပြခဲ့ရာ စစ်တပ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုမှုအပေါ် ဝေဖန်ခဲ့သူအများအပြားရှိခဲ့ပါတယ်။

“မြစ်ဆုံကိုရောင်းစားပြီး ဖုန်းအားသွင်း လျှပ်စစ်အနည်းငယ်လောက်ပြန်ရမယ့်အခွင့်ရေး ဂျုံတခင်းလုံးကိုသိမ်းသွားပြီးမှ ပေါင်မုန့်တစ်လုံး လာပေးတာကို ကျေးဇူးတင်ခိုင်းနေတဲ့ စကစ ဝန်ချီးရဲ့ Brain level ဟာဆိုရင်ဖြင့် …………” လို့ ဦးခက်ထိန်နန်ရဲ့ ပြောဆိုမှု ရုပ်သံ ဖော်ပြချက်မှာ ဝင်ရောက်မှတ်ချက်ပေးသူ တဦးက ရေးသားခဲ့ပါတယ်။

ကချင်ပြည်နယ်ကို ဖျက်ဆီးမယ့် အာဏာရူး ဝန်ကြီး အလိုမရှိလို့ ရေးသားသူလည်းတွေ့ရပါတယ်။

“နင်တို့ လက်ထက်မှ မီးအင်တာနက်လိုင်း ကုန်စျေးနှုန်း အကုန်ပြောင်းပြန်လှန်လိုက်ပြီး ဘာတွေ သွားပြောပြီး လက်ခုပ်တီးခိုင်းနေတာလဲ” လို့ ဖေ့စ်ဘွတ်ခ်သုံးသူတဦးက စစ်တပ်အာဏာသိမ်းမှုကြောင့် အစစ နိမ့်ပါးလာရတဲ့ အခြေအနေကို မီးမောင်းထိုးဖော်ပြထားပါတယ်။

ဦးခက်ထိန်နန်ဟာ မြစ်ဆုံစီမံကိန်း ပြန်စဖို့ လူထုတွေ့ဆုံမှုတွေလည်း လုပ်ဆောင်နေခဲ့သူဖြစ်ပါတယ်။စစ်ကောင်စီရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ပြီး ကချင်လူထုကို တွေ့ဆုံနေတာရှိသလို ဒေသခံတွေကလည်း မူလသဘောထားအတိုင်း စီမံကိန်းကို ကန့်ကွက်သွားဖို့ရှိတယ်လို့ မြစ်ကြီးနား ဒေသခံတဦးက ပြောပါတယ်။

“ပြည်သူလူထုတွေရော အခြားအဖွဲ့အစည်းတွေရော နောက်ပြီးတော့ ပညာရှင်တွေရော အကုန်လုံးက ဒီလောက်ပြောနေတာ ကန့်ကွက်နေတာ အဲဒီနေရာ မလုပ်သင့်တဲ့နေရာ အန္တရာယ်အများဆုံးနေရာ ဟုတ်တယ်ဆိုတဲ့ဟာကို အကြိမ်ကြိမ်အခါခါ တွေ့နေရတယ် မြင်နေရတယ်။ သူတို့လည်း တွေ့မှာပါ။ မတွေ့ဘဲ မမြင်ဘဲနဲ့တော့ မရှိဘူး။ အဲဒီလောက် ကန့်ကွက်နေတဲ့ ကြားမှာ သူတို့ကနေ ပြီးတော့ ဆက်လုပ်မယ်ဆိုရင်တော့ ဖြစ်လာမယ့် ပြဿနာတွေကတော့ မပြောတက်ဘူးပေါ့ ဘယ်လိုအခြေအနေတွေ ဖြစ်လာမယ်ဆိုတာ”လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

စစ်တပ်နဲ့ တရုတ်ဘက်က စီမံကိန်းကို အတင်းဖော်ဆောင်လာရင် စီမံကိန်းကို ကန့်ကွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကလည်း လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူးလို့လည်း မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

စစ်တပ်က မြစ်ဆုံဆည် (မြစ်ဆုံ ရေကာတာ) ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုအပေါ် မြန်မာ ဘူမိသိပ္ပံပညာရှင်တွေက ဇန်နဝါရီ ၁၅ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ရာ မြစ်ဆုံစီမံကိန်း လုပ်ရင် မြစ်ဆုံဒေသအပြင် ကချင် ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားတဲ့ ဆိုးကျိုးအန္တရာယ်တွေ ကျရောက် နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ သဘောထားကြေညာချက် ထုတ်ပြန်တဲ့ ဘူမိသိပ္ပံပညာရှင်တွေဟာ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာနဲ့ ကမ္ဘာအရပ်ရပ်တွင် အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ ပညာရှင်တွေဖြစ်ပါတယ်။

၂၀၂၆ မေလ ၂၅ ရက်က မြစ်ဆုံစီမံကိန်းရပ်တန့်ရေး လှုပ်ရှားမှုပြုလုပ်စဥ်။ ဓာတ်ပုံ -KHRW

မြစ်ဆုံဒေသဟာ ဒေသခံတိုင်းရင်းသား ပေါင်းစုံတို့ရဲ့ ရိုးရာအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်များ ဖြစ်တဲ့အပြင် ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဖျား ခံရာ နေရာလည်းဖြစ်လို့ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်ကြောင်း ဘူမိပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဦးစွာဖော်ပြထားပြီး မြစ်ဆုံဆည် စီမံကိန်း ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုအပေါ် ပညာရပ်ဆိုင်ရာ အချက်အလက်တွေအရ “မြစ်ဆုံဆည်ဆောက်လုပ်ရန် လုံးဝမသင့်တော် ကြောင်း” အကြံပြုထားပါတယ်။ငလျင်ဘေးကြုံရနိုင်တာ၊ ဆည်ကျိုးကျနိုင်တာ၊ မြေပြိုတာ၊ ဧရာ၀တီ မြစ်ကြောင်းတလျှောက်နဲ့ မြှစ်ဝှမ်းဒေသ စိုက်ပျိုးရေးထိခိုက်နိုင်တာ အပါအဝင် ပညာ ရပ်ဆိုင်ရာ အချက်တွေကို ဖော်ပြပြီး ဆည်မလုပ်သင့်ကြောင်း အကြံပြုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံကဲ့သို့သောနေရာမှာ ကြီးမားတဲ့ ရေကာတာတည်ဆောက်ပါက ရေကာတာကြီး ကြောင့် ဖိအားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်တွေ ဖြစ်ပေါ်လာနိုင်တာ၊ သိရှိပြီးသော ဘူမိဗေဒဆိုင်ရာ အချက်အလက်များအရ မြစ်ဆုံဒေသရဲ့ မေခနဲ့ မလိခမြစ်ဝှမ်းတစ်လျှောက်ဟာ တန်ဖိုးကြီးပြီး စီပွားဖြစ်ထုတ်လုပ်နိုင်မယ့် ရွှေနဲ့ မြေရှား သတ္ထုသိုက်ကြီးတွေ အပါအဝင် အဖိုးတန်သယံဇာတတွေ တွေ့ရှိနိုင်မယ့် ဒေသ ဖြစ်တာ၊ မြစ်ဆုံဒေသမှာ မိုးသည်းထန်ခြင်း၊ မတ်စောက်သော တောင်တန်းများရှိခြင်းနဲ့ မတည်ငြိမ် သော ဘူမိဗေဒအနေအထားတွေကြောင့် မြေပြိုမှုကြီးများဖြစ်ပေါ်လာနိုင်တာ တွေကို ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဓိက မြစ်ကြီးတလျှောက် ရေစီးနှုန်းကို ထိန်းချုပ်ခြင်းဟာ သဘာဝ အတိုင်း ဖြစ်ပေါ်နေတဲ့ အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနု အပေါ်မှီခိုနေရတဲ့ မြစ်ဝှမ်း တလျှောက် ကိုင်းကျွန်းလုပ်ငန်းတွေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ စိုက်ပျိုးရေးကို ထိခိုက် နိုင်တာကိုလည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသမှာ ဆည် ၇ ခု ဆောက်လုပ်ပြီး၊ အခြေအနေ အကြောင်းကြောင်းကြောင့် တစ်ပြိုင်နက် ပျက်စီးမယ်ဆိုရင် မြစ်ဆုံဒေသအပြင် ကချင် ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားသော ဆိုးကျိုးအန္တရာယ်တွေ ကျရောက် နိုင်တာကို သတိပေးထားပါတယ်။

မြစ်ဆုံကဲ့သို့ ကြီးမားတဲ့ ဆည်ကြီးများ ဆောက်လုပ်ရင်ဖော်ပြပါ ဘူမိဗေဒ အချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များအရ ဖွံ့ဖြိုးပြီးနိုင်ငံတွေ အပါအဝင် မမျှော်လင့်သော ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဥပမာပေး ဖော်ပြပါတယ်။

ဒီလို ဥပမာပေးရာမှာ မြစ်ဆုံဆည်လုပ်ဖို့ လိုလားနေတဲ့ တရုတ်နိုင်ငံတွင် ၁၉၅၄ မှ ၂၀၂၃ အထိ နှစ်ပေါင်း ၇၀နီးပါးအတွင်း ရေကာတာပေါင်း ၃၆၀၀ ကျိုးကျ ပျက်စီး ခဲ့တာရယယ် အဲဒီအထဲမှာ ဘန်ချောင်ဆည်( Banqiao ရေကာတာ) ကျိုးကျမှုကြောင့် လူပေါင်း နှစ်သိန်းသုံးသောင်း – ၂၃၀၀၀၀ သေဆုံးခဲ့တာကို မြန်မာဘူမိပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဥပမာပေး ဖော်ပြထားပါတယ်။အဲဒီလို အချက်အလက်တွေကြောင့် မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းဟာ “လုံးဝ” မလုပ်သင့်တဲ့ စီမံကိန်းဖြစ်တယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း မြစ်ဆုံစီမံကိန်းလုပ်ရင် အစားထိုးမရတဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုးကျိုးတွေကြုံရမယ်လို ဇန်နဝါရီပထမပတ်မှာ အစိုးရရဲ့သဘောထားကို ဖော်ပြပြီးသတိပေးပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း မြစ်ဆုံစီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေရဲ့ သဘောထားကို အားပေးကြောင်း ထုတ်ဖော်ပြောဆိုထားသလို မြစ်ကြီးနား ဝိုင်းမော်မြို့အပါအဝင်ဒေသခံတွေနဲ့ ကချင်အဖွဲ့အစည်းတွေ အခြားအရပ်ဘက်အဖွဲ့အစည်းတွေက စီမံကိန်း ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်၊မိုးကောင်းမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမိုးများတာကြောင့်ဧရာဝတီမြစ်ရေတက်လာပြီး မြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးကြုံနေရတယ်လို့ဒေသခံတွေနဲ့လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။