ဇွန်-၂၇၊၂၀၂၆၊ကတ်သရင်းနှင်း/ People’s Spring
မကွေးတိုင်း၊မြိုင်မြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ Mi-17 ရဟတ်ယာဉ်ကို စစ်တပ်က ကားတွေနဲ့ ပခုက္ကူမြို့ကို ပြန်သယ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ၂၃ရက်က မြိုင်မြို့နယ်၊တွင်းမရွာအနီးမှာ စစ်တပ်ရဲ့ Mi-17တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မီးလောင်ပျက်စီးသွားတဲ့ ရဟတ်ယာဉ်ကို စစ်တပ်က အင်အားထောင်ချီသုံးကာ ပြန်လည်သယ်ယူနေတာလို့ သိရပါတယ်။
“အတိုက်ခံရတဲ့နေ့က ရောက်လာတဲ့ အင်အားတွေလည်းရှိတယ်။ကားတွေနဲ့ ရောက်လာတာ လေ။အင်အားကို ထောင်ဂဏန်းလောက်ရှိမယ်။အဲဒီအပျက်အစီးကို လာသယ်နေတာ”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်က ရဟတ်ယာဉ်တိုက်ခိုက်ခံရစဉ်ကလည်း အဲဒီနေရာကို အင်အားပို့ထားပြီး ဒီနေ့လည်း ကား ၃စီးနဲ့ စစ်အင်အားဖြည့်ကာ ကားတွေနဲ့ပျက်စီးနေတဲ့ ရဟတ်ယာဉ်ကို ပြန်လည်သယ်ယူနေတာလို့ သိရပါတယ်။
ဒါ့အပြင် လေကြောင်းကနေ Y-12၊ Mi-35တို့ တလှည့်ဆီပြန်ဝဲကာ လေကြောင်းက နေလုံခြုံရေး ပေး နေတယ်လို့လည်း သိရပါတယ်။
“ကမ္မမြို့ အရှေ့ဘက်မှာ ရမ်းသမ်းပြီး စက်လက်ဆွဲသွားတာ တော့ရှိတယ်။ဗုံးကြဲတာ တော့မရှိပါဘူး။ကိုယ့်ဘက်က တိုက်ခိုက်တာမျိုးလည်းမရှိဘူးလေ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် Mi-17ကို ဇွန်လ၂၃ ရက်မှာ တော်လှန်ရေး တပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဟတ်ယာဉ်ပျက်စီးခဲ့တာလို့ သိရပါတယ်။
ပေါက်မြို့နယ်ပကဖ ဒရုန်းတပ်ဖွဲ့ကဦးဆောင်ပြီး မင်းဘူးခရိုင်အမှတ်(၄) တပ်ရင်း၊ MGY-PDF၊ အညာဖိုက်တာLocal တပ်ဖွဲ့နဲ့ စကားပြောက် ကျားတပ်ဖွဲ့ (၅)ဖွဲ့တို့က FPVဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဥ် ရပ်နေတုန်း နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာကြောင့် အောက်ပိုင်းတွေပျက်စီးသွားတဲ့ ရဟတ်ယာဥ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ဦးခေါင်းပိုင်းကိုနောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီးလောင်ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဥ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ်။
ဒါအပြင် တိုက်ခိုက်မှုအတွင်း စစ်တပ်က ထိခိုက်သေဆုံးမှုလည်း များခဲ့ပါတယ်။


















































