ဇွန်-၂၈၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring
စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၊တလိုင်း(ထီးလှိုင်)ရွာကို စစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဥ်တွေနဲ့ ဒီကနေ့မှာဗုံးကြဲတာကြောင့်ကလေးငယ် တွေအပါအဝင် ပြည်သူ၈ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇွန်လ၂၈ ရက်နေ့ ၊မွန်းလွဲ၂နာရီ ကျော်မှာ တံတားဦး လေတပ်က နေဂျက်ဖိုက်တာနဲ့ သုံးကြိမ်တိုင်ဗုံးကြဲခဲ့သလို စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ကျေးရွာ အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့အသက် ၆နှစ်အရွယ်မဂျူးဂျူး နဲ့ အသက် ၁၄နှစ်အရွယ် မောင်ဟန်လင်းထက်တို့ မောင်နှမ နှစ်ဦး၊အသက်၂၀ အရွယ် မောင်နိုးနိုး၊အသက်၅၀အရွယ် ဒေါ်သင်း၊ အသက်၅၂နှစ်အရွယ် ဒေါ်ဝင်း၊အသက် ၄၀ အရွယ် မဝင်းဝင်းစိုး နဲ့ မဝင်းဝင်းစိုးရဲ့ အသက်၈နှစ်အရွယ်သားဖြစ်သူနဲ့ အသက် ၅နှစ်အရွယ် သမီးဖြစ်သူ စုစုပေါင်း ၈ဦး သေဆုံးခဲ့ပါတယ် ။ဒါ့အပြင် ပြည်သူ ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement



“ရွာအရှေ့ခြမ်းကွမ်းယာဆိုင်နဲ့ ဘေး ပတ်လည်ကို ကျတာ။ပေါင်၃၀၀ ထင်တယ်။ရွာထဲကိုကြဲချတာ”လို့ ဒေသခံတဦး ကပြောပါတယ်။
ဒါအပြင်ဒီကနေ့ မနက်ပိုင်းကလည်း သပိတ်ကျင်းတွင်းငယ် (တတက-၁၃)က Mi-35နဲ့ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြိုနယ်အစပ်ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
လက်ရှိစစ်ကိုင်း၊မတ္တရာ၊ဝက်လက်နဲ့စဉ့်ကူးမြို့နယ်ထိစပ် နေရာ တွေကို စစ်တပ်က လေကြောင်းကဗုံးကြဲတာ ၊လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ ဆက်တိုက်လုပ် နေသလို စစ်အင်အားတိုးပြီးစစ်သင်္ဘော တွေနဲ့ပါပစ်ခတ် နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ စစ်ကအုပ်စုအစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကန့်သတ်ချက်မထားဘဲ ဖိတ်ခေါ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်တဖက်မှာ တော့ စစ်တပ်က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာနယ်မြေတွေအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ဒေသတွေကို စစ်ဘေးရှောင်တွေ အပါအဝင် ပြည်သူတွေကိုပါ မရှောင်ဆက်တိုက် ဗုံးကြဲ ၊အကြမ်းဖက်သတ်ဖြတ်နေပါတယ် ။


















































