စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်များတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးကြောင်း ထီးချိုင့်တော်လှန်ရေးအင်အားစု(TR)က ယနေ့ထုတ်ပြန်သည်။
ယမန်နေ့(ဒီဇင်ဘာ ၁၉)နေ့လယ် ၁ နာရီခန့်ကအလယ်တောရွာဘက်မှ ခြေလျှင်ဆင်းလာသော စစ်ကောင်စီတပ်အင်အား ၃၀ ခန့်ကို ရွှေလီရွာနှင့် ထီးချိုင့်ကြား၌ မိုင်း(၄)လုံးဖြင့် ပြည်သူကာကွယ်ရေးတပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ စျေးသည်တစ်ဦး၊ ဝက်ဝယ်သမားတစ်ဦးနှင့် ကားတစ်စီးအားရပ်ခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ထီးချိုင့်တော်လှန်ရေးအင်အားစုက ဆိုသည်။
ယင်းကဲ့သို့ လူသားဒိုင်းအဖြစ် စစ်ကောင်စီဘက်မှ အသုံး ပြုမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ခြေထောက်အနည်းငယ်ထိခိုက်မှုရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

Public Service Announcement
ထို့အပြင် တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင် ရွာသစ်ကုန်းကျေးရွာမှ ဒေသခံ ၁၀ ဦးခန့်အား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီး ၎င်းတို့ဘေးလွတ်ရာသို့ရောက်ချိန်မှ စစ်ကောင် စီတပ်က ရွာသားများအား ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီတပ် လမ်းကြောင်းများနှင့်လာလျှင် အမြန်ဆုံးရှောင်တိမ်းကြဖို့ ပြောချင်ပါတယ်”ဟု ထီးချိုင့်တော်လှန်ရေးအင်အားစု (TR)မှ တာဝန်ရှိသူတစ်ဦးက ပြည်သူများအား တိုက်တွန်းသည်။
ယနေ့(ဒီဇင်ဘာ ၂၀)နံနက်ပိုင်းကလည်း ထီးချိုင့်မြို့နယ် ကျက်သရေချောင်းကျေးရွာအနီးတွင် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက စစ်ကောင်စီတပ်အား မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။


















































