ဇူလိုင်-၃၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်က ဒေါ်ဇင်မေထွန်းကို နတ်မောက် ပကဖ က လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက် မေလ ၁၇ ရက်မှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နတ်မောက် ပကဖ က ချက်ချင်း သတင်းထုတ်ပြန်ခြင်း မရှိဘဲ ၁လကျော်အကြာ မိသားစုဝင်များဘက်မှ လူမှုကွန်ရက်ပေါ်မှာ မေးခွန်းထုတ် ရေးသားလာတဲ့ အချိန်ကျမှသာ သတင်းထုတ်ပြန်လာခြင်းဖြစ်ကြောင်း သားဖြစ်သူက ရေးသားထားပါတယ်။
သေဆုံးသူရဲ့ သားဖြစ်သူက ၎င်းရဲ့မိခင်ဖြစ်သူက စစ်တပ်နဲ့ ဆက်သွယ်နေတဲ့ ဒလန်ဆိုပါက သက်သေအချက်အလက်တွေ ချပြဖို့တောင်းဆိုထားပါတယ်။

Public Service Announcement
“ကျွန်တော့်မိခင် ဒေါ်ဇင်မေထွန်းဟာ စစ်တပ်သတင်းပေး၊စစ်တပ်ဒလန်၊လုပ်နေခဲ့တာ မှန်ကန်ပါက ကျွန်တော့်မိခင် ဒေါ်ဇင်မေထွန်းသည် စစ်တပ်နှင့် ပတ်သတ်ဆက်နွယ်နေတယ်ဆိုတဲ့ အကြောင်းရာ သက်သေအထောက်အထားလိုချင်မိပါတယ်ဗျာ။စစ်တပ်နဲ့ပြောဆိုထားတဲ့ အချက်အလက် သက်သေတွေကိုယ်ချပြစေချင်ပါတယ်”လို့ သားဖြစ်သူက ရေးသားပါတယ်။
ဒါ့အပြင် ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ ယူဆောင်သွားတဲ့ ဖုန်း ၄ လုံး၊ လက်ဝတ်လက်စား ရွှေထည်များ၊ ပိုက်ဆံအိတ်၊ မှတ်ပုံတင်၊ ငွေသား ၈ သိန်းနဲ့ K-Pay ထဲမှ ငွေကြေးများ အပါအဝင် ဆိုင်ကယ် ၁စီး စတဲ့ ပစ္စည်းတွေကို ယနေ့ထိ ကျန်ရစ်သူ မိသားစုထံ ပြန်ပေးတာမျိုးမရှိဘူးလို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့မိသားစုအနေနဲ့ ယူဆောင်သွားတဲ့ပစ္စည်းတွေကို ပြန်လိုချင်လို့မဟုတ်ဘဲ သေဆုံးသွားသည့် ကျွန်တော့် အမေနာမည်ကောင်းပဲရှိစေချင်လို့ကျွန်တော့် အမေက ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ တင်ပြရုံသက်သက်ပါ”လို့ သားဖြစ်သူက ဆိုပါတယ်။
ပကဖ ကို ဈေးမရောင်းဖို့ စည်းရုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဟာလည်း မမှန်ကန်ကြောင်းနဲ့ မိခင်ဖြစ်သူဟာ ပကဖ အဖွဲ့ ရွာထဲလာပါက အလှူငွေများစွာ ထည့်ဝင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယခင်က သတ်ဖြတ်ခံခဲ့ရတဲ့ လူ ၆ ဦး ဖြစ်စဉ်ကိုလည်း မိခင်ဖြစ်သူအပေါ် ပုံချခဲ့တဲ့အပေါ် မေးခွန်းထုတ်ထားပါတယ်။
နတ်မောက် ပကဖရဲ့ Facebook ရဲ့စာမျက်နှာမှာတော့ အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။ နတ်မောက်ပကဖကိုလည်း ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး နတ်မောက်ပကဖ က မီဒီယာအချို့ကို ဖြေကြားခဲ့ရာမှာတော့ ဒေါ်ဇင်မေထွန်းဟာ စစ်တပ်အတွက် သတင်းပေးလုပ်နေလို့ ခေါ်ယူသတိပေးခဲ့ရာ မလိုက်နာလို့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်း၊ ဖုန်းနဲ့ဆိုင်ကယ်ကိုသာ သိမ်းခဲ့ပြီး ရွှေငွေတွေကို သိမ်းဆည်းခဲ့တာမျိုး မရှိဘူးလို့ ပြောထားပါတယ်။
















































