Connect with us

Hi, what are you looking for?

သတင်း

ကုလသမဂ္ဂရဲ့ R2P အကောင်အထည်ဖော်ရမယ့်အချိန်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ဟာ R2P အကောင်အထည်ဖော်မှု လုပ်ဆောင်ရမယ့် အချိန်ဖြစ်တယ်လို့ တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့အစီအစဉ်အမှတ် (၁၃၁) ဖြစ်တဲ့ အကာအကွယ်ပေးဖို့ တာဝန်ရှိမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုသန့်စင်ရေးနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ ခေါင်းစဉ်အောက်မှာ ကျင်းပတဲ့ မျက်နှာစုံညီ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တင်ပြခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီအစည်းအဝေးမှာ ဦးကျော်မိုးထွန်း တက်ရောက်မိန့်ခွန်းပြောကားခဲ့ရာ ၂၀၀၅က ကုလသမဂ္ဂကမ္ဘာ့ ထိပ်သီးညီလာခံမှာ အတည်ပြုခဲ့တဲ့ ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု (R2P) ကိစ္စ မြန်မာ့အရေးမှာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကို အလေးထား ပြောကြားခဲ့တာပါ။

ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန်ဟာ သက်ဆိုင်ရာနိုင်ငံမှာ တာဝန်ရှိပေမဲ့ နိုင်ငံတနိုင်ငံဟာ အဲဒီတာဝန် ထမ်းဆောင်ဖို့ ပျက်ကွက်ရင် နိုင်ငံတကာ အသိုင်းအဝန်းက မျက်ကွယ်ပြုနေလို့မရဘဲ အားနည်းချိနဲ့နေတဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေတာဝန်ယူ ဆောင်ရွက်သင့်ကြောင်း အာဏာသိမ်းစစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုများကို ထောက်ပြကာ R2P လို့ ခေါ်တဲ့ ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု ဆိုတာကို နိုင်ငံတကာက အကောင်အထည်ဖော်ရမယ့်အချိန်လို့ ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။

“မြန်မာပြည်သူများသည် ၎င်းတို့ကိုကာကွယ် စောင့်ရှောက်ပေးရန် နိုင်ငံတကာ အသိုက်အဝန်းထံ ရှင်းလင်း ကျယ်လောင်စွာဖြင့် တောင်းဆိုနေဆဲ” ဟု ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ တရားမဝင် အာဏာသိမ်းမှု နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုဟာ ဒီမိုကရေစီအဖွဲ့အစည်းများ၊ တရားဥပဒေစိုးမိုးရေး နဲ့ တရားစီရင်ရေး လွတ်လပ်မှုတို့ကို ဖျက်ဆီးကာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအပေါ် အရေးယူအပြစ်ပေးခံရမှုများမှ လုံးဝလွတ်မြောက်တဲ့ အနေအထားနဲ့ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများစွာကို ကျူးလွန်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ထပ်လောင်းပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများအဆင့်အထိရောက်ရှိလာတဲ့ စစ်အုပ်စုရဲ့ ကြီးလေးသော ဥပဒေချိုးဖောက်မှုများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တို့အပါအဝင် ကုလသမဂ္ဂမှ အကြိမ်ကြိမ် မှတ်တမ်းရှိပြီး ဖြစ်ကြောင်း သတိပေးပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ပြည်သူ ၈၁၀၀ ကျော်ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ပြီး ပြည်တွင်း နေရပ် စွန့်ခွာ စစ်ဘေးရှောင် ၃ဒသမ ၇ သန်းကျော် ဖြစ်ပေါ်စေခဲ့တာကိုလည်း မီးမောင်းထိုးပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုက အရပ်သားအသွင်ပြောင်း ဟန်ပြအစိုးရ ဖွဲ့စည်းပြီး ဧပြီ ၂၀ ရက်မှ ဇွန်လ ၃၀ ရက်အထိ ရက်ပေါင်း ၇၀ အတွင်း ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း ဦးကျော်မိုးထွန်းက အစည်းအဝေးမှာ ရှင်းပြပါတယ်။ ရက်ပေါင်း ၇၀ အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၄၇ ကြိမ်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀ ကြိမ်တို့အပါအဝင် အရပ်သား ပြည်သူများကို ဦးတည်သည့်အကြမ်းဖက်မှုများကို ပိုမိုတိုးမြှင့်ပြင်းထန်စွာ ဆောင်ရွက်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူများကို ကာကွယ်ရေး၊ ရာဇဝတ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေးနဲ့ ပြစ်မှုကျူးလွန်ခံရသူများအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးတို့ဟာ တစ်ခုနဲ့ တစ်ခု နီးကပ်စွာ ချိတ်ဆက်နေပြီး အပြန်အလှန် အားဖြည့်ပေးနေတဲ့ ကိစ္စတွေဖြစ်ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်အုပ်စုရဲ့ ဆိုးဝါးပြီးကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိတဲ့ ရာဇဝတ်မှုများကို တုံ့ပြန်တဲ့ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သား ပြည်သူများကို ကာကွယ်ရေးနဲ့ တာဝန်ခံမှုကွာဟချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရောမ စာချုပ် ၏ အပိုဒ် (၁၂) အပိုဒ်ခွဲ (၃) နှင့်အညီ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့ပြီး ဖြစ်တယ်လို့ ထပ်မံ ရှင်းပြပါတယ်။

ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) အနေနဲ့ ပြည်သူများအပေါ် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ကို ဖမ်းဆီးဖို့ တရားစွဲအရာရှိမှ တင်သွင်းလျှောက်ထားမှုအပေါ် အလေးအနက်ထား ဆောင်ရွက်ရန် တိုက်တွန်းလိုတယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါ့အပြင် NUGနဲ့ မဟာမိတ်ဒီမိုကရေစီအင်အားစုများဟာ ပဋိပက္ခကာလအတွင်း မတရား မှုများ ကျူးလွန်ခံရသော ပြည်သူများအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိစေရေး ရည်ရွယ်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှ တစ်ဆင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု စနစ်တစ်ရပ် တည်ထောင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း အသိပေးခဲ့ပြီး SCEF ရဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီဖို့လည်း နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းမှ သင့်လျော် သော စုပေါင်းအရေးယူဆောင်ရွက်မှုများကို အချိန်နဲ့ တစ်ပြေးညီ ခိုင်မာစွာဆောင်ရွက်ရမယ့် ကိစ္စကိုလည်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

တရားမဝင်အာဏာသိမ်းမှုဖြစ်ပွားချိန်မှ ငါးနှစ်ကျော်ကြာတဲ့ တိုင် နိုင်ငံတကာအသိုက်အဝန်းဟာ အာဆီယံ ဘုံသဘောတူညီမှု (၅) ချက်၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) အပါအဝင် သံတမန်နည်းလမ်း၊ လူသားချင်း စာနာမှုဆိုင်ရာ နည်းလမ်း၊ အခြားငြိမ်းချမ်းသောနည်းလမ်းတွေနဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ နည်းလမ်း များရှာဖွေကြိုးပမ်းခဲ့ပေမဲ့ မြေပြင် အခြေအနေတွေက အဲဒီ အစီအမံတွေနဲ့ လုံး၀မလုံလောက်ကြောင်း ထင်ရှားစွာ သက်သေပြနေတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါကြောင့် ထိခိုက်နစ်နာနေတဲ့ ပြည်သူများကို ကာကွယ်ရေးအတွက် ပဋိညာဉ်စာတမ်း အခန်း (၇) အောက်မှ နောက်ဆက်တွဲ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တစ်ခု ချမှတ်ခြင်းအပါအဝင် စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးနိုင်သော ပစ္စည်းများနဲ့ ဆက်စပ်နည်းပညာများ စီးဆင်းနေမှုကို ရပ်တန့်ရေးတို့အပါအဝင် နိုင်ငံတကာအသိုက် အဝန်းရဲ့ ခိုင်မာသော အရေးယူဆောင်ရွက်မှုများ မဖြစ်မနေ လိုအပ်နေကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။