Connect with us

Hi, what are you looking for?

သတင်း

ကချင်နဲ့ စစ်ကိုင်းအစပ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ

(စစ်ကိုင်း-ကချင် ​အစပ်တိုက်ပွဲမှာ​သေဆုံးခဲ့တဲ့စစ်သားအ​လောင်း တစ်​လောင်းနဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-IR )

ဇူလိုင်-၁၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့နဲ့ စစ်ကိုင်းတိုင်း ကသာ၊အင်းတော်မြို့နယ်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ရွှေကူမြို့အနီးတိုက်ပွဲမှာ ထိခိုက်သေဆုံးမှုတွေများပြားနေတဲ့စစ်တပ်က လေကြောင်းကနေဗုံးကြဲနေတယ်လို့ သတင်းရရှိပါတယ်။

ရွှေကူမြို့နယ် ငါးဘတ်ကြီးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာသိမ်းစစ်တပ်ဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။ငါးဘတ်ကြီးရွာဟာ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ကမ်းမှာတည်ရှိပြီး စစ်တပ်စစ်ကြောင်းတွေရောက်ရှိနေတဲ့ရွာဖြစ်ပါတယ်။ဇူလိုင်လ ၈ရက်နေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA၊ KPDF ရဲ့ ဒရုန်းဗုံး​ကစစ်တပ်စစ်ကြောင်းပေါ်ကိုတည့်တည့်ကျခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။

“တိုက်ပွဲက မြို့အနားပတ်ချာလည်မှာဖြစ်နေတာ။ လေကြောင်းလည်းအရမ်းကြဲတာဟုတ်တယ်။ မနေ့ဆို Y-12 ရော ဂျက်ရောလာကြဲတာ။ စစ်တပ်ဘက်က ၃ ယောက်သေတာက ကျနော်တို့သိတဲ့ဟာ။ တကယ့်မြေပြင်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ ဘယ်လောက်တောင်ထိလို့လေကြောင်းလာလဲမသိဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုရက်ပိုင်းမှာ ရွှေကူမြို့နယ်အပြင် ကသာ၊ အင်းတော်၊ မော်လူးမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာနေသလို စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဇူလိုင်လ၇ရက်နေ့က ကသာမြို့နယ်ထဲက ပင်းမလွတ်ရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှာထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။မြေပြင်တိုက်ပွဲမှာအထိနာနေတဲ့စစ်တပ်က လေယာဉ်နဲ့ဗုံးအလုံး၄၀ကျော်ကြဲချသွားတယ်လို့ ဒေသတွင်း စစ်ရေးနဲ့လုံခြုံ ရေးသတင်းတွေဖော်ပြပေးနေတဲ့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်ကရုပ်အလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကို တော်လှန်ရေးတပ်တွေကရရှိခဲ့တယ်လို့ IR က​ဖော်ပြပါတယ်။

မန္တလေး-မြစ်ကြီးနားကားလမ်းပေါ်မှာရှိတဲ့အအင်းတော်မြို့နယ် နဘားလမ်းဆုံအနီးတဝိုက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ဇူလိုင်လဆန်းက တိုက်ပွဲတွေမှာ အင်းတော်မြို့နယ်အတွင်း မြစ်ကြီးနား-ရွှေဘို မီးရထားလမ်းပေါ်က မဲဇာရွာနဲ့ နန့်သဲရွာက‌နေတော်လှန်ရေးတပ်တွေဆုတ်ခွာခဲ့ရပေမယ့် တခြားစစ်မျက်နှာတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်​နေတာဖြစ်ပါတယ်။

ရွှေကူမြို့နယ်နဲ့ဆက်စပ်နေတဲ့ ငါးအိုးဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဇွန်လအတွင်းက လက်လွှတ်ခဲ့ရတဲ့ စခန်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အင်းတော်၊ ကသာ၊ ရွှေကူ၊ ငါးအိုးဒေသတွေဟာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဆက်စပ်နေတဲ့ ဒေသဖြစ်ပြီး တိုက်ပွဲဧရိယာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။KIA နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေကို စစ်တပ်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်ကြောင်းနဲ့လေကြောင်းအန္တရာယ်၊ လုံခြုံရေးအန္တရာယ်တွေကိုသတိပြုကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဇွန်လကုန်ပိုင်းမှာ ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က တောင်သာကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ကျဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေတာကြောင့် ကုန်ကားတွေပိတ်မိနေပြီးကုန်တွေပျက်စီးဆုံးရှုံးမှုရှိနေတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ကော့ကရိတ်မြို့အနီးမှာဒီနေ့ (ဇူလိုင် ၁၀)မနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၆ တို့ကြားနာရီပိုင်းကြာတိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။