ဇူလိုင်-၁၂၊၂၀၂၆။ခိုင်မြတ်/People’s Spring
ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးတိုက်ပွဲဟာ တပတ်ဝန်းကျင်ကြာ ရပ်တန့်နေခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေပြန်စဖြစ်နေတယ်လို့ မြေပြင်သတင်း ရင်းမြစ်တွေက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးလက်ကျန် အ၀တောင်ရွာတဝိုက် ကာကင်းစခန်းတွေနဲ့ အာရက္ခတပ်တော် (AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းနေချိန် ပြီးခဲ့တဲ့ တပတ်လောက်ကတည်း က တိုက်ပွဲတွေရပ်တန့်နေခဲ့တာပါ။
“မနေ့ကစပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ဒီနေ့ကြတော့ မြေပြင်နေ ကိုယ်လူတွေဘက်ကို စစ် ကြောင်းထိုးလာတော့တိုက်ပွဲဖြစ်ကြတယ်။အကြာကြီးမဟုတ်

Public Service Announcement
ဘူး၊ နာရီဝက်လောက်ပဲဖြစ်တာ။ ဒါပေမယ့် အလောင်းတွေရလိုက်တာရှိတယ်” လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ဒီနေ့တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်ကအလောင်းအချို့နဲ့ လက်နက်အချို့ ရခဲ့တဲ့အပြင် AA က ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း စစ်တပ်ဘက်က သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။
“အေအေဘက်ကရော စစ်တပ်ဘက်ကပါ လက်နက်ကြီးနဲ့အပြန်အလှန် ပစ်ကြတယ်။ ဒီနေ့ လက်နက်ကြီးသံတွေ တော်တော်ကြားရတယ်” လို့ ကျောက်ဖြူ ဒေသခံနောက်တဦးက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းကနေကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်ကြား လမ်းဆုံမှာရှိတဲ့ စနဲမြို့ဆီ စစ်ကြောင်း ထိုး၊ တန်ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေခဲ့တဲ့ စစ်တပ်ဟာ စနဲမြို့မရောက်ခင် တပ်ဦးကျိုးကာ ပြန်လှည့်ခဲ့ရပြီး လက်ရှိ မှာ တောင်မော်ဦးရေတပ်အနီး အ၀တောင်ရွာတဝိုက်မှာသာ ခြေကုပ်နေရတာဖြစ်ပါတယ်။
“အ၀တောင်ကနေ ရှေ့ဆက်တိုးလို့မရအောင် ကိုယ့်ဘက်က ပိတ်ထားတယ်။ တိုးလာရင်လည်း ဒီကောင်တွေ နာ တာပဲ။ အဝေတောင်နားက စခန်းတွေ ဘယ်သူထိန်းထားလဲဆိုတော့ ကိုယ့်ဘက်က တက်သိမ်းလိုက်၊ ဆုတ်ပေး လိုက်၊ ပြန်သိမ်းလိုက် အခြေအနေပါ။ ကိုယ့်ဘက်ကတော့ အောင်မြင်မှုရနေတယ်ပြောလို့ရတယ်” လို့ မြေပြင်စစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို AA က မြေပြင်ထိုးစစ်အပြင် အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
AA ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးရှိ စစ်တပ်ကာကင်းခစန်းကို မြေပြင်ကနေ ထိုးစစ် ဆင်နေပြီး အမှတ်(၃၂)ရဲတပ်ရင်းအနီးကာကင်းစခန်းတွေနဲ့ မင်းပြင်၊ သိုင်းချောင်းစခန်းတွေကိုတော့ စနိုက်ပါ၊ အ ဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေတာပါ။
ကျောက်ဖြူမြို့နယ်အတွင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က အထိနာ၊ အကျအဆုံးများနေသလို လက်နက်ချ၊ အလင်းဝင်လာသူတွေလည်း အများအပြားရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ကျောက်ဖြူပင်လယ်ပြင်အတွင်း သွားလာနေကြတဲ့ ကုန်တင်၊ ခရီးသည်တင်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို လည်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်။
ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော် ဦးရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ တိုက်ခိုက်နေပြီး မြို့အနီးပတ်လည်က တပ်ရင်းတွေကို လည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။
AA တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီးမပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

















































