ဇူလိုင် – ၁၆ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
မြန်မာနိုင်ငံနိုင်ငံရေးပြဿနာရဲ့အဖြေမှန်ဟာစစ်အာဏာရှင်စနစ်အဆုံး သတ်ပြီးကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်တည်ဆောက်နိုင်မှသာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက ထပ်လောင်းပြောကြားပါတယ်။
ဒီနေ့ (ဇူလိုင် ၁၆ ရက်)မှာကျရောက်တဲ့(၇၉)နှစ်မြောက်ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) နေ့ ဆီပေးပို့တဲ့ သဝဏ်လွှာထဲမှာ KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောထားတာပါ။
အာဏာသိမ်းစစ်တပ်ဟာလူထုနဲ့တိုင်းရင်းသားလူမျိုးတွေရဲ့ရည်မှန်းချက်ဖြစ်တဲ့နိုင်ငံကိုဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ဖို့ စိတ်ဆန္ဒလုံးဝ ကင်းမဲ့နေတယ်လို့KNU ဥက္ကဋ္ဌကပြောပါတယ်။

Public Service Announcement
ဒါပေမယ့် စစ်တပ်ရဲ့အာဏာနဲ့ အကျိုးစီးပွားတွေကိုထိပါးလာတယ်လို့ ခံစားမိလိုက်တာနဲ့မတရားအကြောင်းပြချက်တွေကိုသုံးပြီး အာဏာသိမ်းလေ့ရှိတဲ့ အလေ့အထတွေ ရှိတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
ဒါကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နေ့ အာဏာသိမ်းမှုက စစ်အုပ်စုရဲ့ သရုပ်သဏ္ဍာန်ကို ဧကန်အမှန် ပြသနေတာဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာအာဏာတည်တံ့ခိုင်မြဲဖို့အတွက်အတုအယောင်ရွေးကောက်ပွဲကိုကျင်းပခဲ့တာကလည်းအဲဒီရွေးကောက်ပွဲရလဒ်ကတဆင့် ၂၀၀၈ ဖွဲ့အခြေခံဥပဒေကို ပြန်လည်အသက်သွင်းနိုင်ဖို့နဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေကိုပဲ အာဏာအပ်နှင်းနိုင်ဖို့ ကြိုးစားအားထုတ်မှုတစ်ရပ်သာဖြစ်တယ်လို့ KNU ဥက္ကဋ္ဌ ရဲ့သဝဏ်လွှာမှာပါရှိပါတယ်။
“နိုင်ငံရေးပြသနာအတွက် အဖြေရှာပြီး နိုင်ငံ၏ပြသနာကို ဖြေရှင်းနိုင်မည့်လုပ်ရပ် အလျှင်းမဟုတ်ပါ။ ပဋိပက္ခနှင့် ပြသနာများ ပိုမိုရှုပ်ထွေးသွားစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ပါသည်” လို့ အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ရပ်ကိုသဝဏ်လွှာမှာပဒိုစောကွယ်ထူးဝင်းက အသိပေးထားပါတယ်။
ကရင်အမျိုးသားတွေရဲ့ရှေ့ဆက်ရမယ့်နိုင်ငံရေးလမ်းခရီးဟာအခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရဦးမှာဖြစ်ပြီး ကရင်အမျိုးသားတွေလိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ ပြီးပြည့်စုံခြင်းမရှိသေးဘူးလို့လည်း သူကအသိပေးထားပါတယ်။
“လက်မလျှော့သည့် လုံ့လဝီရိယဖြင့် ဆက်လက်ကြိုးပမ်းအားထုတ် ကြရပါမည်” လို့ ပဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာကတဆင့် တိုက်တွန်းထားပါတယ်။
ကရင်အမျိုးသားတွေအကြားစည်းလုံးညီညွတ်မှုအပြင်ဘ၀တူ၊ ရည်မှန်း ချက်ပန်းတိုင်တူနေကြတဲ့ အခြားလူမျိုးတွေအပြင်သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ညှိနှိုင်းလုပ်ဆောင်နိုင်မှုဟာ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်ရှိနိုင်ဖို့အတွက် အဓိကသော့ချက်ပဲ ဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက အသိ ပေးသွားပါတယ်။


















































