တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအတွင်း အနည်းဆုံး ၈ ဦး သေဆုံးပြီး ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။
ဇူလိုင် ၁၇ ရက် မနက်ပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းပြည်နယ်ထဲက ပန်ရှူခရိုင်ထဲမှာ လူနေဧရိယာပေါ်ကို တောင်စောင်းတစ်ခုကနေ ရွှံ့ချပ်တွေနဲ့ ကျောက်တုံးကြီးတွေ ပြိုဆင်းခဲ့တာ ဖြစ်ပါတယ်။
တောင်စောင်းအတိုင်း ကျောက်တုံးတချို့ စတင်လိမ့်ဆင်းလာတာကို သတိပြုမိတဲ့နောက် ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းပေးနေချိန်မှာပဲ အကြီးအကျယ် မြေပြိုခဲ့တာပါ။ မြေပြိုမှုကြောင့် အသေအပျောက် များပြားခဲ့သလို အဆောက်အအုံတွေ အတော်များများလည်း ပျက်စီးခဲ့ပါတယ်။
လက်ရှိမှာတော့ အပျက်အစီးပုံအောက် ပိတ်မိနေသူတွေကို ကယ်ဆယ်ရေး ဝန်ထမ်း ၈၀၀ လောက်က ဖြန့်ကျက် ရှာဖွေနေပါတယ်။ ခရိုင်မှူး ရန်ရှုကျန်းက အပျက်အစီးတွေအောက်ကနေ လူပေါင်း ၁၈ ဦးကို ဆွဲထုတ်နိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ၈ ဦးကတော့ အသက်မရှင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့တဲ့ ဗီဒီယိုတွေမှာတော့ တောင်ခြေက လူနေရပ်ကွက် တစ်ခုမှာ အဆောက်အအုံနဲ့ လမ်းတွေပေါ် ကျောက်တုံးကြီးတွေ မြေသားတွေ ထုနဲ့ထည်နဲ့ ဖုံးအုပ်နေတာကို တွေ့ခဲ့ရပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာတော့ မြေပြိုပြီး ဖုန်လုံးကြီးတွေ ထလာချိန်မှာ လူတွေ ကြောက်လန့်တကြား ထွက်ပြေးနေတာကိုလည်း မြင်ရပါတယ်။
မြေပြိုမှုဖြစ်တဲ့ နေရာနားက တောင်စောင်းဟာ မတ်စောက်ပြီး မှန်းဆဖို့ခက်တဲ့ မြေပြင်အနေအထားမျိုး ရှိနေပါတယ်။ တောင်စောင်းတလျှောက်မှာ နောက်ထပ် ပြိုကျလာနိုင်ခြေ ရှိနေတဲ့ ကျောက်တုံးကြီးတွေ ကျန်နေဆဲလို့ ဒေသဆိုင်ရာ အာဏာပိုင် တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
တရုတ် အစိုးရဟာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး ရန်ပုံငွေထဲက ယွမ်သန်း ၅၀၊ တစ်နည်းအားဖြင့် ဒေါ်လာ ၇ သန်းခွဲနီးပါးကို ချုံချင်းပြည်နယ် အစိုးရဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
သမ္မတ ရှီကျင့်ဖျင်က သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ မြေပြိုမှုရဲ့ အကြောင်းရင်းကို အမြန်ဆုံး ဆန်းစစ်ရှာဖွေကြဖို့ တိုက်တွန်းခဲ့ပြီး နောက်ထပ် အလားတူ အန္တရာယ်မျိုး ကြုံတွေ့စေနိုင်တဲ့ အခြေခံ အကြောင်းတရားတွေကို ဖယ်ရှားရှင်းလင်းပစ်ဖို့ ညွှန်ကြားထားပါတယ်။ သူက ကယ်ဆယ်ရေး ကဏ္ဍမှာလည်း လစ်ဟင်းမှု မရှိအောင် အစွမ်းကုန် အာရုံစိုက်ပေးဖို့ တောင်းဆိုထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းကလည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ဂန်ဆုပြည်နယ်ထဲမှာ နောက်ထပ် မြေပြိုမှုတစ်ခု ဖြစ်ခဲ့ပြီး လူ ၃၃ ဦးဟာ အပျက်အစီးတွေအောက် ပိမိခဲ့ပါတယ်။ သူတို့ထဲက ၂၁ ဦးကတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: AFP

















































