ဇူလိုင် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ အနားယူသွားလို့ ယခင် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲဟာ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ကျန်းမာရေးမကောင်းလို့ တာဝန်မထမ်းဆောင်နိုင်တဲ့ အခြေအနေမှာ ဇူလိုင် ၁၂ရက်က စပြီး ဒုစစ်ဦးစီးချုပ်က စစ်ဦးစီးချုပ် တာဝန်စတင်ယူခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
“ ဒုစစ်ဦးစီးချုပ်က စစ်ဦးစီးချုပ်ဖြစ်သွားတယ်။ ဒုစစ်ဦးစီးချုပ်ကတော့ တပ်မဟာ(၃)မှူး ဗိုလ်မှူးချုပ် လေးတြော်က ပြန်တက်သွားတယ်” လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ် အပြောင်းအလဲတွေကြောင့်စစ်ရေးဆိုင်ရာ အပြောင်းအလဲတွေရှိလာမှာ မဟုတ်ဘဲ ပုံမှန်အတိုင်းသာ စစ်ဘက်ခေါင်းဆောင်တွေ စုပေါင်းခေါင်းဆောင်ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ အသိပေးပါတယ်။
“ ပုံမှန်အတိုင်းဘဲ ဘာမှ မပြောင်းလဲဘူး။ ခေါင်းဆောင်တွေ တပ်မှူးအသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆုံးဖြတ်မှုနဲ့ သွားတာ။ ဒါက နဂိုရ်ကတည်းက အဖွဲ့အစည်းက အဲဒီလိုပဲ” လို့ KNU သတင်းရင်းမြစ်က ပြောကြားပြီး စစ်အာဏာရှင် ပြုတ်ကျရေး ဆက်လက်ဆောင်ရွက်သွားဖို့သာရှိတယ်လို့ အသိပေးပါတယ်။
လက်ရှိ စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲဟာ ကရင်အမျိုးသားတွေ၊ တော်လှန်ရေးအဖွဲ့တွေ ညီညွတ်ရေးလိုအပ်ကြောင်း အခါအားလျော်စွာ အသိပေးနှိုးဆော်ထားသလို တော်လှန်ရေးကာလဖြတ်သန်းမှုများအနက် အားနည်ချက်တွေ ပြန်သုံးသပ်ဖို့၊ ရည်မှန်းချက်ပန်းတိုင်အတွက် အားလုံးကိုယ်စီတာဝန်ယူကြဖို့ ပြောကြားထားပါတယ်။
အတူတကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စရပ်တွေမှာ စည်းလုံးမှု ရာခိုင်နှုန်းအများကြီးလိုအပ်နေသေးကြောင်းလည်း ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲက အခုနှစ်ဆန်းပိုင်းက ကျင်းပခဲ့တဲ့ ၇၇နှစ်မြောက်ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှာ ပြောကြားထားပါတယ်။
” တိုက်ပွဲဆိုတာ ကြာလေ ပင်ပန်းဆင်းရဲလေဖြစ်တယ်။ ဒါကြောင့်မို့လို့ တော်လှန်ရေးဆိုတာ မြန်မြန်ဆန်ဆန်နဲ့ အချိန်တိုတိုအတွင်းမှာ ခွန်အားအပြည့်နဲ့ စည်းလုံးညီညွတ်မှသာ ကျနော်တို့တွေ ငြိမ်းချမ်းရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်”လို့ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ပြောကြားခဲ့ပါတယ်။
ရဲရဲရင့်ရင့် ညီညီညွတ်ညွတ် အတူတူ လုပ်ဆောင် မှတော်လှန်ရေးက ပိုပြီး အရှိန်အဟုန်ပိုမြင့်လာကာ အချိန်တိုအတွင်းမှာ မြန်မြန်ပြီးဆုံးမှာဖြစ်တယ်လို့လည်း KNLA ဒုစစ်ဦးစီးချုပ်က ပြောထားပါတယ်။

















































