ဟန်နွေ/People’s Spring
တော်လှန်ရေးကာလဖြတ်သန်းမှုများအနက် အားနည်းချက်များကို ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၃၁ရက်က ကျရောက်သည့် ၇၆နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNU ဌာနချုပ်ဟောင်း မာနယ်ပလော တွင် နှစ် ၃၀ ကျော်အတွင်းပထမဆုံးအကြိမ်ပြန်လည်ကျင်းပရာ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ၏ မိန့်ခွန်းပြောကြားချက်ကို ကောက်နှုတ်ပြီး KNU ဗဟိုက ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင် မြန်မာဘာသာဖြင့် ဖော်ပြခဲ့သည်။
“(၇၆)နှစ်တော်လှန်ရေးကာလ၊ အနှစ်(၃၀)အတွင်း ဖြတ်သန်းမှုတလျှောက်မှာဘာတွေ အားနည်းချက်ရှိခဲ့သလဲဆိုတာ ပြန်လည်သုံးသပ်ရမယ်။ အနာဂတ် ရည်မှန်းချက်အတွက် လုပ်ဆောင်ရာမှာ အတိတ်ကို သင်ခန်းစာ ယူပြီးတော့ အခုအချိန်မှာ ကျနော်တို့ အနာဂါတ် ရည်မှန်းချက်ပန်းတိုင်ပြည့်မီအောင် ပြန်လည်ပြုပြင်တည့်မတ်ပြီး တာဝန်ကိုယ်စီယူပြီး လုပ်ဆောင်ကြရပါမယ်။”ဟု ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

Public Service Announcement
ထို့ပြင် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး ပြောကြားသည့် (၇၆) ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ သတင်းစကားကိုလည်း ဖော်ပြခဲ့ရာ ကော်သူးလေကို တည်ဆောက်ရန် အယောက်စီတိုင်းက နားလည်မှုနှင့်အတူလက်တွဲလုပ်ဆောင်ရန်လိုအပ်ကြောင်း အသိပေးခဲ့သည်။
“ကော်သူးလေထဲမှာ ကရင်လူမျိုးတစ်မျိုးတည်း ရှိတာမဟုတ်ပါဘူး။ ဗမာ၊ မွန်၊ ရှမ်း နဲ့ ကျနော်တို့ညီကိုတွေဖြစ်တဲ့ ပအို့ဝ် စတဲ့ မတူညီတဲ့ လူမျိုးစုအသီးသီး ရှိကြတယ်။ ဒါပေမယ့် ဒီပြည်ထဲမှာနေထိုင်ကြတဲ့ သူတွေအတူတူဖြစ်ကြတဲ့အတွက်အတူတကွလက်တွဲဖို့လိုအပ်ပြီး အင်အားတစ်ရပ်ကို အတူတကွ တည်ဆောက်ကြမယ်။”ပဒိုစောတောနီးက ပြောကြားသည်။
ထို့ပြင် KNU တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး ၏သတင်းစကားကိုလည်း ဖော်ပြခဲ့ရာ ကရင်တော်လှန်ရေး အချိန်ကြာနေပြီဖြစ်ကာ အသက်ကြီး ပိုင်းခေါင်းဆောင်တချို့ မရှိကြတော့ဟု ပြောပြသည်။
“အချို့ဆိုရင် တာဝန်ကနေအနားယူကြပြီ။ လူငယ်တွေပဲ ကျန်တော့တယ်။ တော်လှန်ရေး ကနေဦးစချိန်ကဆိုရင် ကရင်တမျိုးသားလုံး၊ ကေအဲန်ယူက စိတ်တလုံးတဝတည်း၊ အခွင့်အရေးကို ဖဆပလထံသို့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့တယ်။ ကရင်အမျိုးသားအခွင့်အရေးရရှိရန် အေးအေးချမ်းချမ်းနဲ့ တောင်းဆိုခဲ့တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရေး ရရှိရေး အထူးသဖြင့် ဗမာလူမျိုးများနှင့် တန်းတူအခွင့်အရေးရရှိရေး ရရှိဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ သို့သော်လည်းပဲ အခွင့်အရေးမရရှိခဲ့ဘူး။ အဲတာကြောင့် အတိုချုပ်ပြောရရင် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ခဲ့ရတယ်။ လက်နက်ကိုင် တိုက်ပွဲကော၊ စားပွဲဝိုင်းတိုက်ပွဲကော နည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်ခဲ့ကြရတယ်။ သို့သော် ယခုအချိန်အထိ အခွင့်အရေးမရရှိသေးဘူး” ဟုပဒိုနော်မြိုင်ဖိုးက ပြောသည်။
အခွင့်အရေးချိုးဖောက်ခံရမှုပိုများလာပြီး တိုင်းပြည်ရှိသော လူမျိုး၊ အခွင့်အရေးရှိသောလူမျိုး၊ ကျေးရွာ၊ မိသားစုကိုယ်စီနှင့် စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ခွင့်မရသေးဟုဆိုသည်။
“စစ်သည်ရဲဘော်တွေကတော့ စိန်ခေါ်မှုအနေနဲ့ မျိုးစုံကြုံတွေ့ရနိုင်တယ်။ သို့သော်စိတ်ဓာတ်မကျဖို့ ပြောချင်တယ်။ အခွင့်အရေးကတော့ တနေ့တော့ရရှိမှာပဲ။ ကြိုးစားရမယ်။ KNLA, KNDO တို့သည် ကျွန်မတို့ ကရင်လူမျိုးတို့၏ အသက်ကိုကာကွယ်ပြီး နိုပ်စက်ညှင်းပန်းမှု အန္တရာယ်မှ ကာကွယ်ကြသောအရေးကြီးသော သူတွေဖြစ်ကြတယ်။ အားမလျှော့ကြဖို့လည်း ပြောချင်ပါတယ်။ အားတင်းထားကြပါ။ ဘေးကနေ သွေးထိုးစကားတွေကို နားမယောင်ကြဖို့လိုတယ်။ ယုံကြည်ချက်ရှိသည့်အတိုင်း ဆက်လက်လျှောက်လှမ်းပြီး သွေးဆောင် ဖျားယောင်း စကားတွေကို ဖယ်ရှားပြီး ခေါင်းဆောင်တွေရဲ့ စကားကို နားထောင်ပြီး လိုက်လျှောက်ကာ ချမှတ်ထားသော လမ်းစဉ်အတိုင်း လုပ်ဆောင်ကြရမယ်ဖြစ်ပါတယ်” ဟု KNU တရားသူကြီးချုပ်က ပြောသည်။
ကော်သူးလေပြည်၊ ကော်သူးလေအစိုးရကိုရရှိရေးအတွက် လိုလားနေသည်မှာ ကြာပြီဖြစ်ပြီး အနှောက်အယှက်များစွာ ကြုံခဲ့ရကြောင်း ၎င်းက ဆိုသည်။
“ခိုင်မာသောကော်သူးလေတည်ဆောက်ရန်အတွက် KNLA, KNDO တို့ စိတ်တလုံးတဝတည်းဖြစ်ပြီး အတူတကွလုပ်ဆောင်ကြရန် တာဝန်ရှိပါတယ်။ လူငယ်၊ စစ်သည်ရဲဘော်၊ ခေါင်းဆောင် အယောက်စီတိုင်းကို အားမလျှော့ကြဖို့ အားပေးချင်တယ်။ ကျွန်မတို့ ကရင်အမျိုးသားတွေ လိုလားတောင်းတသည် ပန်းတိုင်ကို ရောက်ရှိရန်အတွက် အတူတကွလုပ်ဆောင်ကြဖို့ အားပေးချင်ပါတယ်။ငယ်ငယ်ကတည်းက ကြားသိရတာက ကရင်လူမျိုးတိုင်း၏ သွေးကနီတယ်လို့ပြောကြတယ်။ အများစုသွေးက နီတာရှိမယ်။ အချို့က မနီတာရှိမယ်။ သို့သော် ကရင်သွေးကတော့ နီတယ်။ ကရင်လူမျိုးတိုင်းကို ပြောချင်တာက BGF, PC, DKBA, KNLA, KNDO အားလုံးက ကရင်တွေဖြစ်တယ်။ နေထိုင်ရာဒေသမတူသော်လည်းပဲ ပြန်လည်ပေါင်းစည်ဖို့ မျှော်လင့်ပါတယ်။ ပေါင်းစည်းခြင်းက မခက်ပါဘူး။ လွယ်ပါတယ်။ ယုံကြည်မှု ခိုင်မာအောင် တည်ဆောက်ပြီး စိတ်တလုံးတဝတည်းထားရှိရမှာဖြစ်ပါတယ်။” ဟု ပဒိုနော်မြိုင်ဖိုးက ပြောသည်။
လူမျိုးအပေါ် ဖြောင့်မတ်ရန်လိုအပ်ကြောင်း၊ မိမိနှင့် သက်ဆိုင်သော မိသားစု၊ အဖွဲ့အစည်းအပေါ် ဖြောင့်မတ်ရန် လိုအပ်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့်အတူတကွပြန်လည် လုပ်ဆောင်ရန်အတွက် အထင်အမြင်မှားခြင်းများမရှိရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။တော်လှန်ရေး အချိန်ကာလ ကြာပြီဖြစ်သော်လည်း အားမလျှော့ကြရန်လည်း KNU တရားသူကြီးချုပ်က တိုက်တွန်းသည်။
“အင်အားက ပြည်သူကနေ လာတာဖြစ်တယ်။ ပြည်သူလူထုများကလည်း ဦးဆောင်ကြသော ခေါင်းဆောင်များနှင့်အတူ လျှောက်လှမ်းကြဖို့ တိုက်တွန်းပါတယ်။ အဆင့်ဆင့်သော တာဝန်ရှိသူများကလည်း သည်းခံစိတ်ရှည်စွာဖြင့် လုပ်ဆောင်ကြပြီး ပြည်သူလူထုများကလည်း ကျွန်မတို့နှင့်အတူတူပါဝင်ကြဖို့ တိုက်တွန်းပါတယ်။”ဟု ပဒိုနော်မြိုင်ဖိုးကပြောသည်။
