Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အထိနာနေတဲ့ အင်းတော်နဲ့ မော်လူးမြို့ကနေစစ်ကြောင်းတွေပြန်ဆုတ်ခွာနေ

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

(အင်း​တော်မြို့ကို စစ်တပ်ကဧပြီလကုန်ပိုင်းမှာပြန်ထိန်းချုပ်နိုင်ခဲ့ရာအောင်ပွဲခံဓါတ်ပုံရိုက်ကူးခဲ့စဥ် ။ဓါတ်ပုံ-စစ်​အုပ်စု)

ဇူလိုင်-၂၀၊၂၀၂၆။ကဖေး/People’s Spring

အင်းတော် နဲ့ မော်လူးမြို့ကတပ်စွဲထားတဲ့နေရာတွေကနေ စစ်တပ်စစ်ကြောင်းတွေပြန်လည်ဆုတ်ခွာသွားပြီး လူနေရပ်ကွက်နဲ့ကျေးရွာတွေထဲက သောက်သုံးရေကန်တွေ၊ အိပ်သုံးရေစည်ပိုင်းနဲ့ ‌ရေသန့်ဗူး၊ စားသောက်ကုန်တွေမှာ အဆိပ်ခပ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကသာ၊အင်းတော် နဲ့ မော်လူးမြို့‌ပတ်ဝန်းကျင်တွေမှာ ပြီးခဲ့တဲ့မေလကစပြီး နေ့စဥ်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်က အင်းတော်မြို့၊ မော်လူးမြို့၊ နဘားလမ်းဆုံ၊မဲဇာ၊ နန့်သဲ၊ သံဘို၊ နောင်မိုးနဲ့ အလယ်ဆိပ်ကျေးရွာတွေကိုယာယီထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ဇွန်၊ ဇူလိုင်လ​တွေမှာပါ ​တော်လှန်​ရေးတပ်​တွေရဲ့ ​ပြောက်ကျားစစ်​ကြောင့် တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ရာမှ အခုရက်ပိုင်းမှာစစ်သားတွေ ကသာမြို့ဘက်ကိုပြန်ပြီး ဆုတ်ခွာသွားတာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဇူလိုင်လ ၁၈ရက်နေ့ညကစ ဆုတ်ခွာသွားတာဖြစ်ပြီးမဲဇာ၊ နန့်သဲ၊ သံဘို၊ နောင်မိုး နဲ့အလယ်ဆိပ်ကျေးရွာက သောက်သုံးရေကန်အချို့နဲ့ အိမ်သုံးရေစည်ပိုင်းတွေ၊ပဲနဲ့ ဆန်လို စားသောက်ကုန်တွေမှာ ဓာတုဆေးတွေသုံးပြီး အဆိပ်ခပ်သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ရှောင်နေရာကနေလူတချို့ကပြန်ဝင်လာတယ်။နေအိမ်မွေးတိရိစ္ဆာန်လေးတချို့သေဆုံးတာကနေ သံသယရှိလို့ စစ်ဆေးကြည့်တဲ့အခါ နေရာတော်တော်များများမှာအဆိပ်ခပ်သွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စားစရာတွေမှာအဆိပ်ခပ်သွားတာကို အိမ်မွေးတိစ္ဆာန်တချို့သေဆုံးတာကတစ်ဆင့်သိရတာလို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။ စိုက်ပျိုးရေးသုံးတဲ့ပိုးသတ်ဆေးတွေအပြင် စိစစ်နေဆဲ ဓာတုဆေးရည်တွေသုံးပြီး ရေတွင်းရေကန်တွေထဲမှာ အဆိပ်ခပ်သွားတာလို့ ​ဒေသခံအချို့က ​ပြောပါတယ်။

စစ်ရေးအခြေအနေစိတ်မချရသေးတဲ့အတွက် အရပ်သားအများစုပြန်ဝင်လာနိုင်ခြင်းမရှိသေးသလို စစ်တပ်ကအဆိပ်ခပ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် လူသေဆုံးမှု သေဆုံးမှုမရှိသေးဘူးလို့သိရပါတယ်။

“လတ်တလော ဘာပစ္စည်းမှ မသုံးဖို့စီစဉ်ထားခိုင်းတယ်။ အခုက ရေက စတွေ့တာ။ အခြားစားကုန်တွေမှာလည်း ရှိလောက်မယ်လို့ယူဆတယ်”လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ ကသာမြို့အခြေစိုက်ခြေမြန်တပ်ရင်း ခမရ(၃၀၉)ထဲကို ဇူလိုင်လ၁၈ရက်နေ့မှာ ပြန်ဝင်သွားတာဖြစ်ပြီးစစ်တပ်အနေနဲ့ ဗျူဟာအရ ယာယီဆုတ်ခွာသွားတာလည်းဖြစ်နိုင်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

အထက်ပါ ရဲ​ဘော်က “ကသာက ၃၀၉ တပ်ရင်းထဲကိုပြန်ဝင်သွားကြတာ။ ဘာကြောင့် စစ်ကြောင်းလိုက်ပြန်ဆုတ်သွားတာကို မသိနိုင်ဘူး။နဘားလမ်းဆုံနဲ့မော်လူးမြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင်အချို့ကိုနောက်ချန်အင်အားအဖြစ်ထားခဲ့တယ်လို့ သတင်းရတယ်။ အင်း‌ တော်မြို့ကနေပါဆုတ်သွားတာ။ အခြေအနေကိုစောင့်ကြည့်နေဆဲဖြစ်ပါတယ်”လို့ ​ပြောပါတယ်။

အင်းတော်မြို့ကို PDF ၊ ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)၊ ကျောင်းသားတပ်မ‌တော်(ABSDF)၊ပကဖ စတဲ့ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီလ၇ရက်နေ့မှာသိမ်းယူခဲ့တာပါ။ အင်းတော်မြို့နယ်ထဲမှာ ပါဝင်တဲ့မော်လူးမြို့ကိုလည်း ၂၀၂၃ ခုနှစ်နိုဝင်ဘာလထဲမှာ PDF ၊ ပကဖနဲ့မဟာမိတ်တပ်တွေက သိမ်းယူခဲ့ပါတယ်။

၂၀၂၆ ခုနှစ်ဧပြီလမှာ စစ်တပ်စစ်ကြောင်းတွေပြန်ဝင်လာပြီး မြို့ပေါ်ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ဘေးပတ်ဝန်းကျင်ရွာတွေမှာ​တော့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လကုန်မှာ နဘားလမ်းဆုံအပါအဝင် အင်းတော်၊ မော်လူးနဲ့ ကသာမြို့အနီးက စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အခုအခါစစ်တပ်စစ်ကြောင်းတွေပြန်လည်ဆုတ်ခွာနေတာဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာ ကသာ၊ အင်းတော်၊ မော်လူးမြို့နယ်တွေမှာ စစ်ရေးတင်းမာနေသလို စစ်တပ်ရဲ့လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေလည်းရှိနေတာပါ။စစ်ဘေးရှောင်တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

ကသာမြို့နဲ့ဆက်စပ်နေတဲ့ကချင်ပြည်နယ်ရွှေကူမြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့မြို့ခံတစ်ဦးက ဇူလိုင်လ၁၉ရက်နေ့မနက်ပိုင်းမှာပြောပါတယ်။ ရွှေကူမြို့နယ်နဲ့ဆက်စပ်နေတဲ့ ငါးအိုးဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဇွန်လအတွင်းက လက်လွှတ်ခဲ့ရတဲ့ စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA) နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းယူလိုက်ပါတယ်။

အင်းတော်၊ ကသာ၊ ရွှေကူ၊ ငါးအိုးဒေသတွေဟာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဆက်စပ်နေတဲ့ ဒေသဖြစ်ပြီး တိုက်ပွဲဧရိယာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာဖြစ်ပါတယ်။ KIA ၊PDF နဲ့ ပူးပေါင်းတပ်တွေဟာ ရွှေကူနဲ့ငါးအိုးဒေသအပြင် အင်းတော်ကြီးဒေသနဲ့ ခေါင်လန်ဖူးမြို့နယ်ထဲက စစ်တပ်စခန်းအချို့ကိုလည်း ယခုရက်ပိုင်းတိုက်ပွဲတွေမှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ အင်းတော်၊ ကသာ၊ ရွှေကူ၊ ငါးအိုးဒေသတိုက်ပွဲတွေမှာ အာရက္ခတပ်တော်(AA) လည်း KIA၊PDF တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသကသတင်းအသေးစိတ်မထုတ်ပြန်သေးပါဘူး။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံလည်း People’s Spring အနေနဲ့ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ၊BGF ဗိုလ်မုတ်သုန်အဖွဲ့က တပ်ခွဲမှူး ၁ဦး နဲ့ DKBAဗိုလ်ဘိခွဲထွက်ကတပ်ဖွဲ့ဝင်​တွေအပါအဝင်စစ်​ကြောင်းတစ်ခုလုံး​နီးပါးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးဖမ်းမိ

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၂ဦးကို သတ်ဖြတ်ပြီး ‌ကျေးရွာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ က ပြောပါတယ်။