Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သင်္ဘောတစ်စီး တိုက်ခိုက်ခံရတိုင်း အီရန်ရဲ့ တံတား၊ ဓာတ်အားပေးစက်ရုံ တစ်ခုကို ဖျက်ဆီးမယ်လို့ ထရမ့် ခြိမ်းခြောက်

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ ရေယာဉ်တစ်စီးကို အီရန်က ရန်ပြုတိုက်ခိုက်တိုင်း အီရန်ရဲ့ တံတားတစ်စင်း၊ ဒါမှမဟုတ် ဓာတ်အားပေး စက်ရုံတစ်ခုလည်း ဖျက်ဆီးခံရစေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဓာတ်ပုံ - CENTCOM

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ ရေယာဉ်တစ်စီးကို အီရန်က ရန်ပြုတိုက်ခိုက်တိုင်း အီရန်ရဲ့ တံတားတစ်စင်း၊ ဒါမှမဟုတ် ဓာတ်အားပေး စက်ရုံတစ်ခုလည်း ဖျက်ဆီးခံရစေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ကြားက အပစ်ရပ် သဘောတူညီမှုက ပီပီပြင်ပြင် ပျက်ပြယ်သွားပြီး အမေရိကန်က အီရန်ပိုင်နက်ထဲမှာ နှစ်ပတ်နီးပါးလောက် လေကြောင်းတိုက်ခိုက်မှုတွေ ညတိုင်း လုပ်ဆောင်နေချိန်မှာ ထရမ့်က အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။

အီရန်က ဒုံးကျည်၊ ဒရုန်း၊ ဒါမှမဟုတ် တခြား လက်နက်ပစ္စည်း တစ်ခုခုကို အသုံးပြုပြီး ဟောမုဇ်ရေလက်ကြားထဲက သင်္ဘောတစ်စီးကို ပစ်ခတ်တိုင်း အမေရိကန်ကလည်း တံတားတစ်စင်း၊ ဒါမှမဟုတ် ဓာတ်အားပေး စက်ရုံတစ်ခုကို ဗုံးကြဲပစ်မယ်လို့ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။

နောက်ထပ် အလားအလာရှိတဲ့ ပစ်မှတ်တွေဟာ အီရန်ရဲ့ မြို့တော် တဟီရန်ထဲမှာ၊ ဒါမှမဟုတ် အနီးတဝိုက်မှာ ဖြစ်လာနိုင်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ စစ်ပွဲမှာတော့ အီရန်ဟာ နိုင်ငံတောင်ပိုင်းက အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ပစ်တဲ့ နည်းလမ်းကို သုံးပြီး အမေရိကန်ကို ဖိအားပေးဖို့ ကြိုးစားနေပါတယ်။ အဲဒီ ရေလမ်းကြောင်းဟာ နိုင်ငံတကာ ရေနံနဲ့ လောင်စာဆီ တင်ပို့မှုတွေရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်း သွားလာလေ့ရှိတဲ့ နေရာပါ။ အီရန်ဟာ ဟောမုဇ်မှာ ခွင့်ပြုချက် မရှိဘဲ ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် အမေရိကန်ကလည်း အီရန်မှာ စစ်ဆင်ရေးတွေ ပြန်လည် စတင်လာခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောတစ်စီးအတွက် တံတားတစ်စင်း၊ ဒါမှမဟုတ် ဓာတ်အားပေးစက်ရုံတစ်ခု ပြန်ဖျက်ဆီးတာ ခံရမယ်လို့ အီရန်ကို ထရမ့်က ခြိမ်းခြောက်ခဲ့သလို အဲဒီမတိုင်ခင်မှာလည်း အီရန်ရဲ့ မြေအောက် နျူကလီးယား စခန်းတစ်ခုကို မကြာခင် ဗုံးကြဲနိုင်ခြေ ရှိတယ်လို့ ထုတ်ပြောထားပါသေးတယ်။

တစ်ဖက်မှာတော့ အီရန်ကလည်း တဟီရန် တဝိုက်က လေကြောင်းကာကွယ်ရေး စနစ်တွေကို အချိန်ပြည့် အသက်သွင်းထားပြီး ဝေဟင်လုံခြုံရေးအတွက် စောင့်ကြည့်နေကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက အမေရိကန်ဟာ ဟောမုဇ် ရေလက်ကြားရဲ့ လွတ်လပ်တဲ့ ခုတ်မောင်းသွားလာခွင့်ကို ဆက်လက် ကာကွယ်သွားမယ်လို့ ဇူလိုင် ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်က သံတမန်ရေးအရ ဖြေရှင်းဖို့ လမ်းဖွင့်ပေးခဲ့ပေမယ့် အီရန်ဖက်က အလေးအနက် မရှိခဲ့ဘူးလို့လည်း သူက စွပ်စွဲခဲ့ပါတယ်။ အီရန်-အမေရိကန် စစ်ရေးပဋိပက္ခက တကျော့ပြန် အရှိန်မြင့်တက်လာတာကြောင့် ဇူလိုင် ၂၂ ရက်နေ့မှာ ရေနံစိမ်းစျေးဟာ တစ်စည်ကို ၉၄ ဒေါ်လာထိ ပြန်မြင့်တက်လာပါတယ်။

အမေရိကန်နဲ့ ဆွေးနွေးမှုတွေမှာ အဓိက ဦးဆောင်နေသူ အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်ကတော့ လက်ရှိ စစ်ပွဲရဲ့ အနေအထားကို အီရန်က သေရင်မြေကြီး၊ ရှင်ရင်ရွှေထီးလို့ ခံယူထားကြောင်း ပြောကြားခဲ့ပါတယ်။ ဟောမုဇ်ကို ဖြတ်သန်းနေတဲ့ ရေယာဉ်တွေ၊ ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး ဂါလီဘက်ဖ်က အီရန်က ရေနံရောင်းခွင့် မရရင် ဒေသတွင်းက ဘယ်နိုင်ငံမှလည်း ရောင်းခွင့်ရမှာ မဟုတ်ကြောင်း၊ အီရန်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခံရရင် ဒေသတွင်းက ဘယ်အခြေခံ အဆောက်အအုံရဲ့ လုံခြုံရေးမှလည်း အာမခံချက် ရှိစေမှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။

ဟောမုဇ် ရေလက်ကြားဟာ အမေရိကန်တပ်တွေ မရှိတော့မှသာ အပြည့်အဝ ပြန်လည် လုံခြုံလာမှာဖြစ်ကြောင်း၊ နောက်ပြီး ဟောမုဇ်ရဲ့ အခြေအနေဟာ အီရန်စစ်ပွဲ မတိုင်ခင် အနေအထားမျိုး ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ဘူးလို့ အီရန်က ရှင်းရှင်းလင်းလင်း အသိပေးထားပြီးဖြစ်ကြောင်းလည်း ဂါလီဘက်ဖ်က ပြောပါတယ်။

ထရမ့်ကတော့ အီရန်အနေနဲ့ ယီမင်အခြေစိုက် မဟာမိတ် ဟိုသီ ပြောက်ကျားတပ်တွေကိုလည်း ထိန်းသိမ်းကြပ်မတ်ဖို့ သတိပေးခဲ့ပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာ ဟိုသီတွေကလည်း ယီမင်ကမ်းလွန် ပင်လယ်နီမှာရှိတဲ့ ဘက်ဘ်အယ်လ် မန်ဒက်ဘ် ရေလက်ကြားကို အမေရိကန် မဟာမိတ် ဆော်ဒီအာရေးဘီးယားရဲ့ ရေယာဉ်တွေ ဖြတ်သန်းခွင့် ပေးတော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Facebook