Connect with us

Hi, what are you looking for?

သတင်း

စစ်တွေ ရွှေမင်းဂံရေတပ်စခန်းအနီး တိုက်ပွဲရက်ဆက်ပြင်းထန်နေ

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင်-၂၄၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့ရဲ့အရှေ့ဘက်ကုလားတန်မြစ်ကမ်းဘေး ရွှေမင်းဂံ(ချောင်းနွယ်)ရွာအနီးရှိ ရေတပ်နဲ့ ကာကင်းစခန်း တွေကိုအာရက္ခတပ်​တော်က တိုက်ခိုက်နေဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့ညကနေ ဇူလိုင်၂၄ ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားနေကြတယ်လို့ သိရပါ တယ်။

“ည ဆယ်နာရီကျော်လောက်ကနေ အဲဒီနားက စက်သေနတ်သံတွေ၊ သေနတ်ငယ်သံတွေ အများကြီးကြားရတယ်။တညလုံးနီးပါးတောင် တိုက်ပွဲဖြစ်ကြလားမသိဘူး။ သေနတ်သံတွေ ကြားပြီးရင် လက်နက်ကြီးသံတွေ၊ လေယာဉ်ဝဲ သံတွေလည်း ဆက်တိုက်ကြားရတယ်။အဲဒီနေ့ညကလေယာဉ်လေးစီးလောက်ဝဲနေခဲ့တယ်” လို့ စစ်တွေမြို့ထဲမှာ နေထိုင်တဲ့စစ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

AA နဲ့ နီးစပ်တဲ့မြေပြင်သတင်း ရင်းမြစ်တဦးကလည်း ရွှေမင်းဂံ(ချောင်းနွယ်)ရွာအနီးရှိ ကာကင်းစခန်းတွေကို ထိုးစစ်ဆင်နေတာဖြစ်ပြီးရေတပ်စခန်းထဲကိုလည်းအဝေးပစ်လက်နက်ကြီးနဲ့ တိုက်ခိုက်နေကာ စစ်တပ်ဘက်က ​သေဆုံးထိခိုက်မှုများနေတယ်လို့ ဆိုပါတယ်။

“အခုက ချောင်းနွယ်နားက ကာကင်းကိုကိုယ့်ဘက်က ရလိုက်၊ဒီကောင်တွေပြန်တက်လာလိုက်အနေအထားပဲဖြစ်နေတယ်။ ဘယ်သူမှ အပြည့်အ၀ထိန်းချုပ်ထားတဲ့အနေအထားတော့ မဟုတ်သေးဘူး။ စစ်တပ်ဘက်ကတော့ အထိနာတယ်။ အပြင်ကို အင်အားစုပြီး ထွက်လာလိုက် ကိုယ့်လူတွေကတိုက်ထုတ်လိုက်နဲ့” လို့ ၎င်းက ပြောပါတယ်။

AAတိုက်ခိုက်နေတဲ့ ရွှေမင်းဂံရေတပ်ဟာ စစ်တွေမြို့ပေါ်နဲ့သုံးမိုင်ဝန်းကျင်အကွာမှာ တည်ရှိပြီး အင်အားခြောက်ရာဝန်းကျင်အထိုင်ချထားတဲ့ တပ်စခန်းကြီးတခုဖြစ်ပါတယ်။

အဲဒီရွှေမင်းဂံရေတပ်စခန်းအနီးမှာရှိတဲ့ ကံ့ကော်ကျွန်း၊ဇော်မတက်စတဲ့ရှေ့တန်းကာကင်းစခန်းတွေအပါအဝင် စစ် တပ်စခန်းအချို့ကို အခု ၂၀၂၆ နှစ်ဆန်းပိုင်းမှာ AA က သိမ်းပိုက်ထားပါတယ်။

AAဟာရေတပ်စခန်းနဲ့ကာကင်းတွေကို တိုက်ခိုက်နေသလို ရေတပ်အနီးဝန်းကျင်နဲ့ စစ်တွေမြစ်ပြင်မှာ ရပ်နားထား တဲ့ စစ်သင်္ဘောတွေကိုလည်း တိုက်ခိုက်​နေပါတယ်။ AAရဲ့တိုက်ခိုက်မှု​တွေကြောင့် ပြီးခဲ့တဲ့ မေလကုန်အတွင်းက စစ်တွေမှာ စစ်တပ်သင်္ဘောတစီး ထိမှန်ခဲ့ပါတယ်။

AA ဟာ ရွှေမင်းဂံရေတပ်စခန်းအပြင် စစ်​တွေမှာရှိတဲ့ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)အနီးဝန်းကျင် နာရီကန်၊ ကျားမ သောက်အနီးတပ်ရင်းကာကင်းစခန်းတွေနဲ့ စစ်တွေမြို့အနောက်ဘက် မယူမြစ်ကမ်းဘေးရေချမ်းပြင်၊ ကြွီတဲအနီး ဝန်းကျင်ကာကင်းခစန်းတွေကိုလည်း မကြာခဏ တိုက်ခိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။

“တိုက်ပွဲတွေက ရေချမ်းပြင်နဲ့ ဒကစနားမှာလည်း တိုက်ပွဲခဏခဏဖြစ်တယ်။ အဲဒီဘက်က တိုက်ပွဲတွေကတော့ အချိန်အကြာကြီးတော့ မဟုတ်ဘူး” လို့ စစ်တွေဒေသခံနောက်တဦးက ပြောပါတယ်။

AA ဟာ စစ်တွေမြို့ရဲ့ အနောက်ဘက် ရသေ့တောင်မြို့နယ်၊ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ အရှေ့ဘက် ပေါက်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေနဲ့အစပ်နေရာတွေကနေ ဝန်းရံပိတ်ဆို့ကာ စစ်တပ်ကာကင်းစခန်းတွေကို တခုချင်းထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။မြေပြင်တိုက်ပွဲတွေဖြစ်ပွားနေချိန် အာဏာသိမ်းစစ်တပ်က လည်းစစ်တွေမြို့အနီးပတ်လည်ကို ဂျက်ဖိုက်တာ၊ Y12 တို့နဲ့ ကင်း​ထောက်ပျံသန်းသလို ဗုံးကြဲတိုက်ခိုက်​တာ​တွေ ရက်ဆက်လုပ်နေပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ကလည်းစစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် မနော်သီရိရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါ တယ်။

ဒါ့အပြင် မြို့ပတ်လည် မြစ်၊ ချောင်းတွေမှာ မြေမြှုပ်မိုင်းတွေချထားသလို မြို့ထဲမှာလည်း လုံခြုံရေး တင်းကြပ်ကာ ရိုဟင်ဂျာတွေ၊ စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေတိုးလုပ်နေပါတယ်။ စစ် တွေမြို့ထဲမှာ ည ကိုးနာရီကနေ မနက် လေးနာရီအထိ ညမထွက်ရအမိန့်လည်း ထုတ်ထားပြီး ညအချိန် ကင်းပတ်၊ ဖမ်းဆီးမှုတွေ ရှိနေတာပါ။

ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အ တွင်းကလက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းကထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစ ခန်းတွေ သိမ်းယူနေခဲ့တာပါ။

စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့​ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေရပ်ကွက် ၂ခုကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် (၁)နှစ်ကျော်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။