အီရန်ကို အကူအညီ ပေးတာမျိုး လုံးဝ မလုပ်ကြဖို့ ရုရှားနဲ့ တရုတ်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။
ဇူလိုင် ၂၄ ရက်နေ့တုန်းက သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ တင်ခဲ့တဲ့ ပို့စ်မှာတော့ တရုတ်နဲ့ ရုရှားတို့သာ အီရန်ကို ကူညီနေမယ်ဆိုရင် သူတို့အတွက် ကောင်းကျိုး မရှိနိုင်ဘူးဆိုတာ နားလည်သင့်ကြောင်း ထရမ့်က ရေးသားထားခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားတို့ဟာ အီရန်ကို ဒရုန်းတွေ၊ စစ်လက်နက်တွေ၊ ဂြိုဟ်တုနည်းပညာတွေ ထောက်ပံ့ ကူညီပေးနေကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာ ထရမ့်က အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့က သူတို့ဟာ အီရန်ဆီ စစ်လက်နက်တွေ မရောင်းဘူးလို့ ကတိပေးထားကြောင်း၊ အဲဒီ ကတိကို တည်စေလိုကြောင်း ထရမ့်က ဆိုပါတယ်။
ဘေဂျင်းမှာ သူနဲ့ ဆွေးနွေးခဲ့ချိန်တုန်းက ဘယ်လို အခြေအနေမှာမှ အီရန်ဆီ လက်နက် မရောင်းပါဘူးလို့ သမ္မတရှီက အာမခံခဲ့ကြောင်း၊ အလားတူ သမ္မတ ပူတင်ကလည်း ယူကရိန်းမှာ ဆိုးရွားတဲ့ စစ်ပွဲကို ဆက်ပြီး ဆင်နွှဲနေပေမယ့် အီရန်ဆီကိုတော့ လက်နက် မရောင်းပါဘူးလို့ သူ့ကို ပြောထားခဲ့ကြောင်း၊ အမေရိကန်ကလည်း ယူကရိန်းကို လက်နက်မရောင်းပေးဘဲ NATO နိုင်ငံတွေကသာ ရောင်းချပေးနေတယ် ဆိုတာကို ပူတင်လည်း သဘောပေါက်ကြောင်း၊ NATOဟာ အမေရိကန် လက်နက်တွေကို စျေးအပြည့်ပေးချေ ဝယ်ယူပေမယ့် ယူကရိန်းဆီ ဆက်ပြီး ဖြန့်ဝေပေးတဲ့ အပိုင်းကတော့ သူနဲ့ မဆိုင်ကြောင်း ထရမ့်က Truthမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement
ဒီတော့ အီရန်နဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ လူတွေ ပြောဆိုနေတဲ့ အင်အားကြီး နိုင်ငံနှစ်ခု အနေနဲ့ သူ့အမြင်အရ ဒီကိစ္စကို လက်ရှောင်သင့်ကြောင်း၊ မဟုတ်ရင်တော့ သူတို့အတွက် အရမ်းဆိုးတာတွေ၊ သူတို့အကျိုးစီးပွားအတွက် အကောင်းဆုံး မဖြစ်နိုင်တဲ့ ကိစ္စတွေ ကြုံလာနိုင်ကြောင်းလည်း ထရမ့်က သတိပေးထားခဲ့ပါတယ်။
ဒါပေမဲ့ တကယ်သာ အီရန်ဆီ လက်နက်ရောင်းနေတယ်ဆိုတာ သေချာရင် တရုတ်နဲ့ ရုရှားတို့အပေါ် အမေရိကန်က ဘယ်လို တုံ့ပြန် အရေးယူမလဲ ဆိုတာကိုတော့ ထရမ့်က ရှင်းရှင်းလင်းလင်း ဖော်ပြမထားခဲ့ပါဘူး။
အီရန်နဲ့ အမေရိကန်တို့ကြားက အပစ်ရပ် သဘောတူညီမှုဟာ လုံးဝ ပျက်ပြယ်သွားပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်လောက်အတွင်း အမေရိကန်ဟာ အီရန် စစ်ရေးပစ်မှတ်တွေကို ညတိုင်း လေကြောင်းကနေ တိုက်ခိုက်နေခဲ့ပါတယ်။ အီရန်ကလည်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး လက်တုံ့ပြန်နေခဲ့ပါတယ်။
အီရန်ဟာ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့နောက် ထိခိုက်ပျက်စီးခဲ့တဲ့၊ သေဆုံးဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေအတွက် နစ်နာကြေးကို အမေရိကန် ထိန်းချုပ်ထားတဲ့ အီရန် ပိုင်ဆိုင်မှုတွေထဲကနေ ခွဲဝေပေးသွားဖို့ စီစဉ်ထားကြောင်းလည်း ထရမ့်က အခုသီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။
ကိုးကား: American Press
















































