ဇူလိုင်-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။
ရွှေကူမြို့ထဲမှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA နဲ့ KPDF တို့က ဇူလိုင်လဆန်းမှာအနီးကပ်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၃ရက်ကစပြီးဒရုန်း နဲ့ အပြန်အလှန်ဗုံးကြဲတိုက်ခိုက်နေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
“စစ်တပ်က ထွေအုပ်ရုံးနဲ့ နေရာတော်တော်များများမှာတပ်စွဲထားတာ။ အဲဒီနေရာတွေကိုဒရုန်းတွေနဲ့ချတာ။ပေါက်ကွဲသံတွေကတော်တော်ကိုကျယ်တယ်။ စစ်တပ်ကလည်းဒရုန်းတွေနဲ့ရောလက်နက်ကြီးနဲ့ပါပြန်ပစ်တယ်”လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement
ရွှေကူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လဆန်းကစတင်ပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကဇွန်လ ၈ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အချိန်မီ တိမ်းရှောင်နိုင်သူတွေလည်း ရှိခဲ့ပေမယ့် စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။
အဲ့ဒီနောက်ပိုင်းမြို့အနီးနဲ့ မြို့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဇွန်လကစတဲ့ တိုက်ပွဲ အတွင်း စစ်တပ်စစ်ကြောင်းတွေက ရွှေကူမြို့ထဲကနေ ထွက်ပြီး စစ်ကြောင်းထိုးဖို့ကြိုးပမ်းနေပေမယ့် တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွားပြီး မြို့ထဲမှာအခိုင်မာတပ်စွဲထားတယ်လို့ သတင်းရရှိပါတယ်။
ရွှေကူမြို့နယ်နှင့်ဆက်စပ်နေတဲ့စစ်ကိုင်းတိုင်းထဲကကသာခရိုင်အတွင်းမှာလည်း စစ်ရေးတင်းမာနေပြီး ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံပြည်သူတွေလုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်အုပ်စုနဲ့မဆက်သွယ်ကြဖို့ ကသာခရိုင်၊အမှတ်(၃)တပ်ရင်းနဲ့ အမှတ်(၅)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ကသာခရိုင်အတွင်းလမ်းပိုင်းဧရိယာတွေမှာည၇နာရီကနေ မနက်၅နာရီအတွင်းဖြတ်သန်းသွားလာခြင်းမပြုကြဖို့ နဲ့ အဆိုပါလမ်းပိုင်းတွေမှာ စစ်တပ်က အရပ်သားကားတွေကိုချောဆွဲခြင်း၊စုဆောင်းရေးလုပ်ခြင်း၊အရပ်သားကား တွေနဲ့ ပုံမှားရိုက်ပြီး လူအင်အားနဲ့ စစ်လက်နက်ခဲယမ်းတွေ သယ်ယူပို့ဆောင်နေတယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် ကသာခရိုင်ထဲရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းတွေနဲ့ မပတ်သက်ဖို့၊ စစ်အုပ်စုနဲ့ပေါင်းပြီး စီးပွားရေးမလုပ်ကြဖို့၊ သတင်းပေးမလုပ်ဖို့လည်း ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။ထုတ်ပြန်ချက်ကိုလေးစားလိုက်နာကြဖို့ နဲ့ မလိုက်နာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။


















































