ဇူလိုင် ၂၇၊ ၂၀၂၆ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာက စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ အသက် ၅၀ ဝန်းကျင် လင်မယား ၂ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ကိုနဂါးလေးက ပြောပါတယ်။
“သူတို့ လင်မယားက မုန့်တီရောင်းတာလို့ ပြောတယ်။ စာသင်ကျောင်းနားဝန်းကျင်မှာပဲ ရောင်းတာဖြစ်လောက်တယ်”လို့ ကိုနဂါးလေးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စာသင်ကျောင်းက အဆောင် ၄ ဆောင်နဲ့ နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရပါတယ်။
အလားတူ ဒီကနေ့ မနက်ပိုင်းမှာဘဲ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ကူကြီးရွာ အနောက်ဘက်ကို အာဏာသိမ်းစစ်တက်က ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ သို့သော် ပြည်သူတွေ ရှောင်နေကြတဲ့အတွက် ထိခိုက်မှုမရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၅ ရက် နေ့လယ် ၁ နာရီခွဲခန့်ကလည်း ခင်ဦးမြို့နယ်အနောက်ခြမ်းက မုံလှရွာကို စစ်တပ်က ဂျွိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်လို့ နေအိမ် ၄ လုံး မီးလောင်ပြီး အသက် ၆၀ ဝန်းကျင် အဘွားအိုတစ်ဦး မီးလောင် သေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မော်တော်ယာဥ်တွေ၊ လယ်ထွန်စက်တွေနဲ့ အိမ်သုံးပစ္ည်းတွေလည်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်လည်း စစ်ကိုင်းမြို့နယ် တလိုင်းရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦး အပါအဝင် အရပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ဒေသခံ ၂၀ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအပါအဝင် တော်လှန်ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနေပါတယ်။


















































