ဇူလိုင်-၂၈၊၂၀၂၆။ကဖေး/People’s Spring
တရုတ်နိုင်ငံမှာ သေဒဏ်ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲဘော်တွေရဲမိသားစုဝင်တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။
အိမ်ရာတွေမဲနှိုက်ရွေးချယ်ပေးတဲ့ အခမ်းအနားကိုလောက်ကိုင်မြို့၊ထင်ပါကျိုက်ကြွင်းချမ်း(Jun Qiang)ရပ်ကွက်မှာဇူလိုင်လ ၂၆ ရက်နေ့ကစပြီး ပြုလုပ်ခဲ့တာပါ။
“ပယ်ဆောက်ချိန်မိသားစုပိုင်အိမ်တွေ၊ ဟိုတယ်တွေ၊ လောက်ကစားရုံတွေကို ပြန်ဝေတာ။ဒီမှာကပယ်ဆောက်ချိန်တို့ပိုင်တာ လက်ညိုးထိုးမလွဲဘူး”လို့ လောက်ကိုင်ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
အိမ်ရာတွေမဲနှိုက်ပေးတာကိုMNDAAရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ ပယ်ဆောက်ချိန်ရဲ့ အမည်ကို မသုံးထားဘဲ ” လစ်လပ်နေသော ယခင်ကျားဖြန့် (လိမ်လည်မှုဂိုဏ်း) အိမ်ရာများကို စနစ်တကျ ပြင်ဆင်မွမ်းမံကာ ထောက်ပံ့ရေးအိမ်ရာများအဖြစ်တည်ဆောက်၍ အဆင့်ဆင့် နေရာချထားပေးလျက်ရှိသည်”လို့ ထုတ်ပြန်ထားပါတယ်။
၁၀၂၇စစ်ဆင်ရေးမှာကျဆုံးရဲဘော်မိသားစုဝင်တွေ၊ဒဏ်ရာရရဲဘော်တွေနဲ့ ရဲဘော်ဟောင်းတွေကိုအိမ်ရာ၊ မြေကွက်နဲ့ ငွေကြေးဆိုပြီးသုံးမျိုးခွဲခြားထောက်ပံ့ပေးတာလို့ထုတ်ပြန်ထားပါတယ်။
ယခင်ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ စစ်တပ် ထိန်းချုပ်ထားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၂၃ အောက်တိုဘာလ ၂၇ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ MNDAA က တိုက်ခိုက်သိမ်းယူခဲ့တာပါ။ စစ်ဆင်ရေးစတင်ချိန်မှာပဲပယ်ဆောက်ချိန်နဲ့သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နဲ့ကိုးကန့် အမှတ်(၁၀၀၆)နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနဲ့ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးဟာ နေပြည်တော်ကိုထွက်ပြေးသွားခဲ့ကြပါတယ်။
တရုတ်အလိုရှိနေတဲ့ကျားဖြန့်ခေါင်းဆောင်တွေကိုစစ်တပ်ကဆက်လက်အကာအကွယ်ပေးထားကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဇန်နဝါရီလ၂၈ရက်နေ့ညမှည ထုတ်ပြန်ပြီးနောက် သုံးရက်မြောက်နေ့မှာ စစ်ကောင်စီက တရုတ်ကိုလွှဲအပ်လိုက်တာပါ။ တရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်နဲ့ ဇန်နဝါရီလ ၃၀ရက် ညမှာ နေပြည်တော်လေဆိပ်အထိ လာရောက်ခေါ်ဆောင်သွားတာပါ။
အဲဒီနောက်ပိုင်း တရုတ်အစိုးရကရုံးတင်စစ်ဆေးပြီးတဲ့သေဒဏ်တွေချမှတ်ခဲ့ပါတယ်။ ပယ်ဆောက်ချိန်ကတော့ကွမ်တုံပြည်နယ်၊ ရှန်ကျန်းမြို့ တရားရုံးကနေ သေဒဏ်အမိန့်ချမှတ်ခဲ့ခံရပြီး တစ်ပတ်ခန့်အကြာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ကျန်တဲ့သူတချို့ကို တရုတ်အစိုးရကကြိုးမိန့်ပေးခဲ့ပေမယ့် သတင်းအပြည့်အစုံထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
ယခုအခါမှာတော့ ကိုးကန့်ဒေသမှာကျန်ခဲ့တဲ့ ပယ်ဆောက်ချိန်မိသားစုပိုင်အိမ်ရာတွေကို MNDAA ကခွဲဝေပေးနေတာဖြစ်ပါတယ်။ပထမအပတ်စဉ်အဖြစ် အိမ်ရာ (၄) ခုကိုပြင်ဆင်လွှဲပြောင်းပေးခြင်းဖြစ်ပြီး ခွဲဝေရေးလုပ်ငန်းတွေကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်လို့ဇူလိုင်လ၂၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအထိနာခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာအာရက္ခတပ်တော်(AA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပြင် PDFတွေလည်းပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။
MNDAAဟာ၁၀၂၇စစ်ဆင်ရေးအတွင်း လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကို မဟာမိတ်တွေရဲ့အကူအညီနဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့စစ်ကောင်စီနဲ့ အပစ်ရပ်ခဲ့ပြီး လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာ ပြန်လွှဲပေးခဲ့ပါတယ်။
သိန္နီနဲ့ ကွတ်ခိုင်အပါအဝင် MNDAAက ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စုစည်းပြီး ခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ကိုးကန့်အထူးဒေသကိုဖွဲ့စည်းကြောင်းဇန်နဝါရီလဆန်းကကြေညာခဲ့ပါတယ်။
၁၀၂၇စစ်ဆင်ရေးစတင်ချိန်ကပြည်သူလူထုရဲ့ရည်မှန်းချက်အတိုင်းစစ်အာဏာရှင်ပြုတ်ကျတဲ့အထိတိုက်ခိုက်သွားမယ်လို့ MNDAA က ကြေငြာခဲ့ပေမယ့် မြို့တွေကိုသိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာတော့လူထုကိုအသိမပေးတော့ဘဲ စစ်အုပ်စုနဲ့အပစ်ရပ်တာခဲ့ပါ။စစ်အာဏာရှင်တော်လှန်ရေးအပြီးမသတ်သေးခင်အပစ်ရပ်ခဲ့ခြင်းအတွက် MNDAAဟာလူထုကိုလိမ်ညာခဲ့ပြီးတရုတ်အစိုးရအလိုကျ ရပ်တည်တဲ့လက်နက် ကိုင်အဖွဲ့အဖြစ် လူထုကပြစ်တင်ဝေဖန်နေကြပါတယ်။ မကြာမီမှာလည်း စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကို သွားမယ်လို့သတင်းတွေထွက်နေပေမယ့် MNDAA က သီးခြားသတင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။

















































