ဇူလိုင် ၂၈၊၂၀၂၆။ ဟာနာဆန်၊ ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။
ဇူလိုင်၂၇ရက်က လေကြောင်းတိုက်ခိုက်သွားတဲ့ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကိုပဲ အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇူလိုင် ၂၈ ရက် ၁၀ နာရီခွဲခန့်က လေကြောင်းထပ်မံ တိုက်ခိုက်ခဲ့ပြန်ပါတယ်။ ဝက်လက်မြို့နယ်တောင်ခြမ်းက ပေါက်ကန်ဘူတာရွာနဲ့ စစ်ကိုင်းမြို့နယ် မြောက်ခြမ်းက စမွန်းရွာထဲကို တံတားဦးလေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် လေကြောင်းတိုက်ခိုက်သွားတာဖြစ်ကြောင်း Wetlet Informational Network အဖွဲ့က ကိုနဂါးလေးက ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကန်ဘူတာရွာမှာ လာရောက်နေထိုင်နေတဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာက စစ်ဘေးရှောင် အသက် ၆၀ ခန့်အရွယ် ဦးမြင့်သန်းဆိုသူ သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ပဲ စမွန်းရွာမှာလည်း အသက် ၄၀ခန့်အရွယ် မမြင့်မော် သေဆုံးပြီး ၃ဦးခန့် ဒဏ်ရာရှိကာ နေအိမ် အလုံး ၂၀ခန့် မီးလောင် ပျက်စီးသွားကြောင်း ကိုနဂါးလေးက ပြောပါတယ်။

Public Service Announcement
“ပေါက်ကန်ဘူတာထဲကို ၂ လုံး၊ စမွန်းရွာထဲကို ၂ လုံး စုစုပေါင်း ၄ လုံး ကြဲသွားတာပါ။ စစ်ရှောင်တွေကတော့ အဆင်ပြေတဲ့နေရာ ရှောင်တဲ့အခါမှာ စစ်ရှောင်တွေနားကိုကျလို့ သေတာလို့ သိရတယ်။ လေကြောင်းပစ်တဲ့နေရာတွေက မြေပြင်စစ်ကြောင်းမရှိဘူး။ တိုက်ပွဲလည်း မရှိဘဲနဲ့ ဒီတိုင်းကြီး ဝင်ပစ်သွားတာပါ”လို့ Wetlet Informational Network အဖွဲ့က ကိုနဂါးလေးက ပြောပါတယ်။
မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ ဝက်လက်နယ်မှာ လူထိခိုက်မှု မရှိပေမဲ့ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာက စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုမှာတော့ အသက် ၅၀ ဝန်းကျင် လင်မယားနှစ်ဦးသေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်လည်း စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ဒေသခံ ၂၀ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်း၊ မကွေးအပါအဝင် တော်လှန်ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနေပါတယ်။

















































