ဇူလိုင်-၂၉၊၂၀၂၆။ဇေအောင်/People’s Spring
ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။
ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ မြို့နယ်ရဲ့ အုပ်ချုပ်ရေးယန္တရားကိုဖော်ဆောင်ပေးပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ မြို့နယ်အတွင်းမှာ လူမှုကူညီရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်လိုပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ကာ သဘောတူ ညှိနိုုင်းပြီးမှသာ လုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ ယင်းအဖွဲ့က အသိပေးပါတယ်။
အဖွဲ့အစည်းတချို့ဟာပြည်သူတွေဆီကနေ မှတ်ပုံတင်တွေ၊ ဖုန်းနံပါတ်တွေစတဲ့ လုံခြုံရေးထိခိုက်နိုင်တဲ့ အချက်အလက် တောင်းတာတွေရှိနေလို့ပြည်သူတွေရဲ့အချက်အလက်တွေ ထိခိုက်မှုမရှိစေဖို့၊ အဖွဲ့အစည်းတချို့ဟာအာဏာသိမ်းစစ်တပ်နဲ့လည်း ချိတ်ဆက်မှုရှိနေတာကြောင့်စိစစ်ဖို့၊ ကူညီမှုလုပ်ငန်းစဥ်တွေဟာ တချို့နေရာတွေမှာ ထပ်နေလို့ ရောက်သင့်တဲ့နေရာတွေရောက်ဖို့ အသိပေးရတာဖြစ်ကြောင်းပခုက္ကူပအဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“အဖွဲ့အစည်းတချို့ကနီးစပ်ရာပုဂ္ဂိုလ်/လနကိုင်အဖွဲ့အစည်းတချို့နဲ့ ချိတ်ဆက်ပြီး ဝင်ရောက်ကြတာဖြစ်တာကြောင့်တချို့လုပ်ငန်းစဉ်တွေမှာ ပွတ်တိုက်မှုတွေ ဖြစ်ပွားတာတွေရှိနေတာကြောင့်ပအဖအနေနဲ့ ချိတ်ဆက်ကူညီနိုင်ဖို့၊ ဝန်ဆောင်မှု/ကူညီမှုလုပ်ငန်းတွေကို စနစ်ကျစေပြီး အဖွဲ့အစည်းအချင်းချင်း ပွတ်တိုက်မှုမရှိဖို့ထုတ်ပြန်ရတာဖြစ်ပါတယ်”လို့အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဒါ့ကြောင့် ဘယ်အရပ်ဖက်အဖွဲ့အစည်းမဆို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ချိတ်ဆက်တာ၊သဘောတူညှိုနှိုင်းတာမျိုးမရှိဘဲ မြို့နယ်အတွင်းမှာ လုပ်ငန်းတွေ ဆောင်ရွက်ပါက လုပ်ထုံးလုပ်နည်းနဲ့အညီအရေးယူသွားမယ်လို့ ပခုက္ကူပအဖကဆိုပါတယ်။
ယခုနှစ်ထဲမှာပဲစစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျားဖြန့်သမားတွေက လူမှုကူညီရေးအဖွဲ့အယောင်ဆောင်ပြီး စစ်ရှောင်တွေရဲ့ Kpay အကောင့်တွေ လာရောက်ဝယ်ယူတာတွေရှိခဲ့ဖူးပါသေးတယ်။
ပခုက္ကူမြို့နယ်ဟာတော်လှန်ရေးအားကောင်းတဲ့ဒေသဖြစ်ပြီး ကျေးလက်ဒေသအများစုကိုတော်လှန်ရေးအဖွဲ့တွေကထိန်းချုပ်ထားပါတယ်။
















































