ဇူလိုင် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ထိုင်း-မြန်မာ နယ်စပ်တခွင် လှုပ်ရှားဖြစ်တည်လာနေတဲ့ အသွင်ပြောင်းကျားဖြန့်အွန်လိုင်းငွေလိမ် လုပ်ငန်းများ ဆက်လက်ပြန်နှံ့ ခြိမ်းခြောက်နေမှုတွေနဲ့ ပတ်သက်တဲ့ သတိပေးကြေညာချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ ဇူလိုင် ၃၁ရက်မှာ ထုတ်ပြန်ခဲ့ရာ အာဏာသိမ်းစစ်အုပ်စုနဲ့ အပေါင်းအပါ DKBAတပ်ဖွဲ့၊ လက်အောက်ခံ BGF တို့ဟာ ကျားဖြန့်လုပ်ငန်းတွေ ဟန်ပြနှိမ်နင်းကာ အဲဒီကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို ဆက်လက်အကာအကွယ် အထောက်အပံ့ ပြုလုပ်နေကြောင်း ဖော်ပြထားပါတယ်။
ဇူလိုင် ၂၅ ရက်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်အုပ်စုက ကျောက်ခက် ဒေသရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကွက်တစ်ခုကို နှိမ်နင်းရှင်းလင်းလိုက်ကြောင်းထုတ်ပြန်ရာမှာ KNLAနဲ့ PDF အား ငွေလိမ် လုပ်ငန်းများကို ငွေကြေးယူ၍ အကာအကွယ်ပေးထားတယ်လို့ အခြေအမြစ်မရှိ စွပ်စွဲထားတဲ့ အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း KNUက ဖော်ပြကာ အခုလို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စု စစ်ကြောင်းများက ကျောက်ခက်ဒေသရှိ အွန်လိုင်း ငွေလိမ်လောင်းကစားလုပ်ငန်းများကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ အမှန်စင်စစ်က အဲဒီနေရာဟာ ကျောက်ခက်နဲ့ မစပ်ဟတ်ဘဲ ကျောက်ခက်မှ ၃၆ မိုင်ခန့်ကွာဝေးတဲ့ ဖလူးလေးတောင်ကြောရဲ့ အနောက်ဖက်ခြမ်း ရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဦးစီးအရာရှိချုပ်က ကြီးကြပ်သောနေရာရှိ ကျားဖြန့်ဝင်းသာ ဖြစ်ကြောင်း KNUက ထုတ်ပြန်ပါတယ်။

Public Service Announcement
အဲဒီနေရာဟာ KK Park နဲ့ ရွှေကုက္ကို ဒေသရှိ ကျားဖြန့်လုပ်ငန်းတွေကနေ ရွှေပြောင်းလာကြတဲ့ ငွေလိမ်လုပ်သားများက ခြံဝန်းငယ်များအသွင် ပြောင်းရွှေ့အခြေချ လုပ်ကိုင်နေတာလို့ ဖော်ပြထားပါတယ်။ KK Park နဲ့ ရွှေကုက္ကိုလ် ဒေသရှိ ကျားဖြန့်လုပ်ငန်းအဆောက်အအုံများကို အာဏာသိမ်းစစ်တပ်က ၂၀၂၅ နှောင်းပိုင်း မှာ ဖြိုချပြီး ဟန်ပြ ရှင်းလင်းခဲ့ချိန်က ရွှေ့ပြောင်းလာကြတာလို့ ဆိုပါတယ်။
“KK Park ကဲ့သို့ကြီးမားသော ကျားဖြန့်အဆောက်အအုံများကို ဖြိုခွင်းပြီးနောက် တရုတ်လူမျိုးအများစုဖြစ်သော ဒေသခံမဟုတ်သော ကျားဖြန့်လုပ်သား နိုင်ငံခြားသားအများအပြားသည် ထိုင်း နယ်စပ်နှင့်ဝေးသော အတွင်းပိုင်းနေရာ အများအပြား သို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာကာ DKBA နှင့် BGF ၏ ကာကွယ်ထောက်ပံ့မှုများဖြင့် အဆောက်အဦးသစ်များကို နေ့ညမပြတ်ဆောက်လုပ်၍ အခြေချနေထိုင်လျက် ရှိသည် မှာ ဒေသခံပြည်သူများ၏ လူနေမှုဘဝ လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသည်။” လို့ KNUက ထုတ်ပြန်ပါတယ်။
စစ်အုပ်စုစီးနင်းခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့ နေရာဟာလည်း ရွှေ့ပြောင်းလာတဲ့ ငွေလိမ်လုပ်ငန်း ကွက်သစ်များစွာတို့အနက်မှ တစ်ခုမျှသာ ဖြစ်ပြီး “ကျောက်ခက်” ဆိုတာက မြဝတီတောင်ဘက် မိုင်(၃၀) ခန့်အကွာ ထိုင်းနိုင်ငံနယ်စပ်နဲ့ ကပ်လျက်တွင်ရှိကြောင်း ရှင်းပြပါတယ်။ အဲဒီ ကျောက်ခက် ဟာ DKBAရဲ့ ထိပ်တန်းအရာရှိတစ်ဦးလည်းဖြစ်တဲ့ စီးပွားရေးတာဝန်ခံလည်းဖြစ်တဲ့ ဗိုလ်ချုပ်စိုင်းကျော်လှရဲ့ တိုက်ရိုက် ကြီးကြပ်မှု အောက်တွင်ရှိနေတာလို့ အသိပေးပါတယ်။
အဲဒီ ကျောက်ခက်ဒေသဟာ “Tai Chang” အွန်လိုင်းငွေလိမ်ခြံဝင်ကြီးဟု ဒေသခံပြည်သူအများကြားတွင်သာမက နိုင်ငံတကာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော နေရာတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
“စိုင်းကျော်လှ” ဟာလည်း လူကုန်ကူးမှု၊ မူးယစ် ဆေးဝါးနဲ့ အခြား ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေလို့ ၂၀၂၅ နိုဝင်ဘာ ၂၁ ရက်နေ့မှာ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်ခြင်းခံရတဲ့ စာရင်းဝင်သူ တဦးဖြစ်တယ်လို့ ဖော်ပြပါတယ်။
DKBAဟာ စစ်အုပ်စုနဲ့ တိုက်ပွဲ မရှိဘဲ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ဆွေးနွေးဘက်တဦးဖြစ်ပါတယ်။
ဒါကြောင့် စစ်အုပ်စုက ကျောက်ခက်ဟု အမည်တပ် ဖြိုခွင်းကြောင်း ထုတ်ပြန်ခြင်းဟာ နိုင်ငံတကာက အာရုံစိုက်ပြီး အရေးယူရန်အလိုရှိနေသော နာမည်ဆိုးနဲ့ ကျော်ကြားသော” ကျောက်ခက်ကျားဖြန့်ခြံဝင်း “ကို ဝင်ရောက်နှိမ်နင်းခဲ့သယောင် လုပ်ဆောင်ချက်သာဖြစ်တယ်လို့ KNUက ရှင်းလင်းပါတယ်။
“အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်းများတအနေဖြင့်လည်း အာဏာသိမ်းရွေးတုစစ်အုပ်စု ၏ ဟန်ပြ နှိမ်နှင်းလုပ်ဆောင်ပြသနေမှုများတို့အပေါ်သေချာစီစစ်ကာ ကမ္ဘာလုံးဆိုင်ရာစိုးရိမ်ပူပန်နေကြရသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနှင့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ အမြစ်ပြတ်ချေမှုန်းသည့်လုပ်ငန်းကို အမှန်တကယ် တိုက်ဖျက် နေကြသည့် မြေပြင်အဖွဲ့များအားလုံးနှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ရန် အလေးအနက် တောင်းဆိုအပ်ပါသည်” လို့ KNUက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုနဲ့ အပေါင်းအပါ DKBA၊ စစ်အုပ်စုရဲ့ ပြည်သူ့စစ်ကွပ်ကဲရေးအောက်ရှိ BGF တပ်များအနေနဲ့ ကျားဖြန့်ခြံဝင်းများကို ဟန်ပြဝင်ရောက်စီးနင်းခြင်း၊ ရာဇဝတ်လုပ်ငန်းများကို ဦးဆောင်သူမဟုတ်တဲ့ စေခိုင်းခံရသူများကိုသာ ဖမ်းဆီးပြခြင်းနဲ့ အဆောက်အဦးတွင်းရှိသူများကို ကြိုတင်ဖယ်ရှား နေရာချပြီးမှ အဆောက်အဦး များကို ဖြိုချဖျက်ဆီးပြခြင်းတို့ဟာ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို အမြစ်ပြတ်နှိမ်နင်းခြင်း မဟုတ်ဘဲ ကရင်ပြည်နယ် အနှံ့နဲ့ အခြားအခြားသော ဒေသများတွင် ကျားဖြန့်လုပ်ငန်းများ ပြန့်ပွားသွား၍ မငြိမ်မသက်ဖြစ်စေဖို့ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်းလည်း KNUက ရှင်းလင်းအသိပေးထားပါတယ်။
“မကြာသေးခင်လများ အတွင်းတွင်လည်း ကေအန်ယူ အုပ်ချုပ်သည့်နေရာနှင့်နီးစပ်သော ဒေသများ၌ပင်လျှင် ပြည်သူများထံမှာ မြေများကို အတင်းအဓမ္မဝယ်ယူခြင်းတို့ကို ပြုလုပ်နေမှုများရှိနေကြောင်း၊ ပြည်သူများ စိတ်အနှောက်အယှက်ဖြစ်ရကြောင်း၊ စိုးရိမ်ရကြောင်း ဒေသခံနှင့် အရပ်ဖက်အဖွဲ့အစည်းများတို့မှ ကေအဲန်ယူသို့ တိုင်ကြားလာသည့် အမှုများစွာရှိနေသည်” လို့ ဖော်ပြပါတယ်။
ဒါကြောင့် KNU အနေနဲ့ အုပ်ချုပ်နယ်မြေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ အခြားဆက်စပ် သော ရာဇဝတ်မှုလုပ်ငန်းများကို လုံးဝသည်းခံမှာ မဟုတ်ဘဲ KNU ရဲ့ ရာဇဝတ်ဥပဒေအရ ပြင်းထန်စွာအရေး ယူသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ပြည်သူတွေအနေနဲ့လည်း အတင်းအဓမ္မမြေဝယ်ယူမှုများကို သတိထားကြဖို့ သတိပေးထားပြီး လိုအပ်ရင် KNU အုပ်ချုပ်ရေးအာဏာပိုင်များထံ အသိပေးတိုင်ကြားဖို့ သတိပေးထားပါတယ်။


















































