ဩဂုတ်-၄၊၂၀၂၆။တေဇ/People’s Spring
မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီက အသိပေးထုတ်ပြန်ပါတယ်။
ဆည်တော်ကြီးဆည်ရဲ့ကန်ရေပြည့်အမှတ်ကို ၁ ပေခွဲလောက်သာလိုတော့တာကြောင့် ဩဂုတ် ၃ ရက်ည ၈ နာရီမှာ ရေတံခါးတွေကို ဖွင့်ထားတာလို့ ဆိုပါတယ်။
တံငါတံတားရဲ့လက်ရှိရေအမှတ်ကလည်း စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် နောက်ထပ်ရေသုံးပေထပ်တိုးလာရင် ကားလမ်းမတွေပေါ်ကိုရေကျော်နိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင်အနီးအနားကကျေးရွာတွေကချောင်းတွေလည်းရေကျော်နေတာကြောင့်ပုဂံစု၊ ရေချောင်း၊ သပြေချောင် နဲ့ အင်းသကား ကျေးရွာ တွေမှာနေထိုင်သူတွေအနေနဲ့ ကုန်းမြင့်ပိုင်းတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ သတိပေးနှိုးဆော်ထားပါတယ်။
“အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနိုင်ရန် “မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီ” အနေဖြင့် အကောင်းဆုံး စုဖွဲ့ပြင်ဆင်ထားလျက် ရှိပါသည်။”လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီးကော်မတီအဖွဲ့ဝင်တွေက လက်ရှိမှာရေဘေးကြုံနေရတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေသွားရောက်လုပ်ပေးနေပါတယ်။
လေမျက်နှာမြို့မှာ ငဝန်မြစ်ရေကာတာကျိုးပေါက်ပြီး တစ်မြို့နယ်လုံးနီးပါးရေဘေးကိုဆိုးရွာစွာကြုံတွေ့နေသလို ၊ကချင်ပြည်နယ်ဖားကန့်မြို့နယ် အပါအဝင်ဒေသအချ်ို့မှာရေကြီးနေပါတယ် ။တချိန်တည်းမှာနိုင်ငံအလယ်ပိုင်းကဒေသအချို့မှာ မိုးခေါင်လို့သီးနှံတွေပျက်စီးနေပါတယ်။

















































