မိုးမြင့်ကျော်
အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။
စစ်ပွဲကာလထဲ လေယာဥ်တွေဝဲလာတိုင်း ဗုံးခိုကျင်းလေးထဲအမကြောက် နေမလား။ ကျနော့လက်တွေကို ဖျာတချပ်စာဖြန့်လို့ အမအပေါ် ကာမိုးပေးထားတယ်။ ရန်သူ့လေယာဥ်ပျက်ကြီးတွေ၊ ကျဆုံး စခန်းကုန်းတွေ၊ ပြာဖြစ်မီးလောင်သွားတဲ့ရွာပျက်ကြီးတွေ ကျနော့်မှာလည်ပါတ်စရာတွေပေါတယ်။
ဒါပေမယ့် အမရယ် အမ ,မပါဘဲ သွားလာနေရတာကို ကျနော်မပျော်ဘူး။ ကျနော်ကျဆုံးခဲ့ရတဲ့ တောင်ကမူလေး ရွှေကျင်ခိုင်းဖို့ ဘတ်ဖိုးတွေ ဝိုင်းလိုက်ပြီ။ ရန်သူ့တပ်တွေစခန်းချသွားတဲ့ တောင်ကုန်းဘက်မှာ သနပ်ခါးနံ့တွေရတယ်။ သတင်းတပုဒ်ထဲက ရန်သူတွေမုဒိန်းကျင့်သွားတဲ့ လယ်သူမလေးကို မျက်လုံးထဲမြင်လာတယ်။ ညဘက်တွေဆို ဘုရားဝတ်ပြုနေတဲ့ အမကို အမတို့အိမ်ဘေးက သရက်ကိုင်းပေါ်ကနေ လာလာငေးကြည့်တယ်။

Public Service Announcement
အမျှဝေသံထဲ ကျနော့နာမည် မပါတော့မဲ့နေ့ကို ကျနော်စောင့်နေတာပါ။ အမကျနော့်ကိုမေ့နိုင်သွားပြီဆိုတာ သေချာဖို့လိုတယ်။ စေတီတွေလည်းတွေ့ပါရဲ့၊ အမျှဝေသံတွေလည်းကြားပါတယ်။ ဒါပေမယ့် ဘာမှဆုမတောင်းလိုတော့သလို သာဓုလည်းမခေါ်လိုပါဘူး။ ကျနော် နောက်ဘဝကို မဝင်စားရဲဘူး။ အမနဲ့ဝေးရမှာကြောက်လို့။ အစ်မသာသိရင် စိတ်မကောင်းဖြစ်နေတော့မှာပဲ။
ကျနော်သေရင် အမဆီပြန်ဝင်စားမယ်ဆိုတာလဲ ကတိသက်သက်ဖြစ်ခဲ့ပြီ။ နေ့စဥ်မြင်နေရပါလျက် အမ မမြင်နိုင်တဲ့ကမ္ဘာကနေငေးရတာ နှစ်ဘဝစာပိုလွမ်းရတယ်။ ညနက်သန်း
ခေါင်ကျနော်လာငေးရင် ကျီးတွေအာမယ်၊ ခွေးတွေအူမယ်။ မေတ္တာသုတ်ပဲရွတ်ပါ ပရိတ်ကြိုးမတားပါနဲ့ စာသင်ကျောင်းထဲတမင်ကျဲချတဲ့ ပေါင်ငါးရာဗုံးထက် ကျနော်ပိုကြောက်ပါတယ်။ အမရဲ့အသက်ရှုသံ သေးသေးလေးကအစ ကြားရဖို့ ကျနော့်နားရွက်တွေကို အမတို့အိမ်တဝန်းစာ ကြီးပစ်ရတယ်။ အမချစ်တဲ့ ကြယ်တွေကို ကြည့်ဖို့ ကျနော့်မျက်လုံးတွေကို အကြီးကြီးလုပ်တယ်။
ဟော့ဒါလေးက မောင်ရှင် ဆိုင်းထမ်းကြယ်၊ ဒါလေးကခုနှစ်စင်ကြယ်၊ဒီဘက်ကဖျောက်
ဆိပ်ကြယ်။ အဲ့ဒီလို ကျနော့်ပုခုံးကလေးမှီပြီး အမပြောပြသံလေး ကျနော်လွမ်းတယ်။ အမနဲ့အတူသွားခဲ့ ဖူးတဲ့ တောင်ပေါ်စေတီလေးမှာ ပန်းထိုးဗုံးခွံတွေ။ စေတီလေးရဲ့ဘေးနံရံမှာလည်း ကျည်ဖောက်အရာတွေ။
မကျွတ်မလွတ် သေးသောသူများမှာလည်း ကျည်ဖောက်ရာတွေနဲ့။ ရင်းနီးသူတယောက်ယောက်ရဲ့ဖေ့စဘွတ်ခ်မှာ ကျနော့်ပုံ တွေတွေ့တဲ့အခါ သတိမရပါနဲ့တော့။ ကျနော့ကိုမေ့လိုက်ပါ မြနန္ဒာ။ အမနဲ့အတူထိုင်ကြည့်ခဲ့ဖူးတဲ့ တောင်တန်းစိမ်းစိမ်းတွေ မီးလောင်နေ တာကို ညအမှောင်ထဲကငေးရင်း ရှည်လျားနေအုံးမယ့် ဒီသံသရာကိုကျနော်ဖြတ်သန်းရအုံးမယ်။
●ရည်ညွှန်း – မသဲကြည် (သူရိန်လူလေး )
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ
‘မိုးမြင့်ကျော်’ ရဲ့ “မေ့လိုက်ပါမြနန္ဒာ” စကားပြေကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































