ယနေ့ နံနက်အစောပိုင်းက ဖားကန့်မြေစာပုံပြိုကျမှုတွင် ရေလှိုင်းနှင့်အတူ လူ၈၀ထက်မနည်း ပါသွားသော်လည်း ၅ဝဦးခန့်မှာ ဘေးလွတ်ရာပြေးနိုင်ခဲ့ပြီး ၃၀ခန့်ပျောက်ဆုံးနေဆဲဟု ဒေသခံများက ပြောသည်။
ဖားကန့်မြို့နယ် မှော်ဆီဆာကျေးရွာအနီးရှိ ရေကန်အတွင်း စွန့်ပစ်မြေစာပုံသည် ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်က ပြိုကျခဲ့ခြင်းဖြစ်သည်။
“စပြိုပြိုချင်း လူ ၈၀ လောက်ပါသွားတာလို့ သိရတယ်။ နောက် လူပြန်စစ်တော့ ၅၀လောက်က ရေကူးပြီး ပြန်တက်လာနိုင်ကြတဲ့ သတင်းရတယ်။ ၃၀လောက်တော့ ပျောက်နေသေးတယ်။ ရှာတာလည်း တစ်လောင်းပဲ ရသေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရုပ်အလောင်းမှာ (၃၀)အရွယ် ကိုမောင်မျိုးဆိုသူဖြစ် သည်ဟု ကယ်ဆယ်ရေးလုပ်နေသည့် အရပ်ဘက်အဖွဲ့က အတည်ပြုသည်။ ထို့အပြင် ကျန်ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်သည်။

Public Service Announcement
ဖားကန့်တွင် လေးရက်အတွင်း မြေစာပုံပြိုကျမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်က ပြိုကျမှုတွင်လည်း ရေမဆေးကျောက်ရှာသူ ခြောက်ဦးသေဆုံးခဲ့သည်။
စစ်ကောင်စီ၏ အကျိုးစီးပွားပါဝင်နေသည့် ဖားကန့်ကျောက်စိမ်းခိုးတူးသည့် လုပ်ငန်းသည် ယခင်နှစ်များထက် အခြေအနေပိုဆိုးနေသည်ဟု ဒေသခံများကပြောသည်။ ထို့အပြင် စစ်ကောင်စီသည် အရေအတွက်နှစ်သိန်းကျော်ရှိနေသည့် ရေမဆေးကျောက်ရှာဖွေသူများ တော်လှန်ရေးတွင် အာရုံမစိုက်စေရေးအတွက် ကျောက်စိမ်းတူးခွင့်မက်လုံးပေး ထားသည်ဟု ဒေသခံများက ပြောသည်။


















































