ဩဂုတ် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကိုထိုင်းအစိုးရကဖိတ်ကြားပြီး လက်ခံတွေ့ဆုံတဲ့အပေါ် ကန့်ကွက်စာထုတ်ပြန်ခဲ့ကြတဲ့ထိုင်းတက္ကသိုလ်သုံးခုကကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကိုမြန်မာကျောင်းသားသမဂ္ဂ အဖွဲ့အစည်းခြောက်ဖွဲ့ က ကြိုဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာကျောင်းသားလူငယ်တွေရဲ့ ပညာ သင်ကြားခွင့် ၊လုံခြုံရေးနဲ့ အနာဂတ်မျှော်လင့်ချက်တွေကိုဖျက်ဆီးနေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ရဲ့ထိုင်းခရီးစဉ်ကိုသာမာဆတ် တက္က သိုလ်၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ကာဆက်ဆာ့တက္ကသိုလ်တွေရဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားအဖွဲ့အစည်းစုစုပေါင်း၁၉ ဖွဲ့ က။ ကန့်ကွက်စာသြဂုတ်လ ၇ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းကျောင်းသားတွေရဲ့ကန့်ကွက်စာကိုဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကရင်နီပြည်ကျောင်းသားများသမဂ္ဂ၊ မန္တလေးစက်မှုလက်မှုသိပ္ပံ ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ (SURC)နဲ့ သျှမ်းကျောင်းသားသမဂ္ဂ (TSU) စတဲ့ ကျောင်းသား သမဂ္ဂ ခြောက်ဖွဲ့ ကဒီနေ့ (သြဂုတ်လ ၁၁ ရက်)မှာ ပူးတွဲကြေညာချက်ထုတ်ပြီး ကြိုဆိုထောက်ခံလိုက်တာပါ။

Public Service Announcement
အခုလို တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ပေးကြတဲ့ ထိုင်းကျောင်းသားအဖွဲ့အစည်းတွေနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ဆိုတာကို မြန်မာကျောင်းသားသမဂ္ဂ ခြောက်ဖွဲ့က ဆိုထားပါတယ်။
အာဏာရှင်စနစ်တိုက်ဖျက်ရေးကိုဘုံမူဝါဒအဖြစ် ရှေးရှုကာ မဟာမိတ်တွေအဖြစ် အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့လည်းအသင့်ရှိတယ်လို့ ပူးတွဲကြေညာချက်မှာ မြန်မာကျောင်းသားသမဂ္ဂတွေကအသိပေးပါတယ်။
စစ်ရာဇဝတ်မှုတွေကိုဗြောင်ကျကျကျုးလွန်နေသူ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကို ထိုင်းအစိုးရအဖွဲ့က တရားဝင်မှုပေးအပ်တာက မြန်မာလူထုနဲ့ ကျောင်းသားလူငယ်တွေရဲ့အနာဂတ်ကို ပိုမိုဖျက်ဆီးရာရောက်တယ်လို့လည်း မြန်မာကျောင်းသားသမဂ္ဂခြောက်ဖွဲ့ ရဲ့ပူးတွဲထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းမှု ရဲ့ဘေးထွက်ဆိုးကျိုးဟာ မြန်မာလူထုသာမက ထိုင်း – မြန်မာ နယ်စပ်တလျှောက် မှာနေထိုင်ကြတဲ့နိုင်ငံပြည်သူတွေကို ရိုက်ခတ်တယ်ဆိုတာကို ပူးတွဲကြေညာချက်မှာထောက်ပြပါတယ်။
နယ်စပ်ဒေသအခြေစိုက်ထားပြီး မြန်မာစစ်တပ် ရဲ့အကာအကွယ်ရထားတဲ့အဖွဲ့အစည်းတွေရဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကွန်ယက်တွေကလည်း ပိုမိုကြီးမားကျယ်ပြန့်လာတာကို ထိုင်းအစိုးရအဖွဲ့ဝင်တွေ မျက်မြင်ကိုယ်တွေ့ ဆိုပြီးကြေညာချက်မှာ ထည့်သွင်းအသိပေးပါတယ်။
တဆက်တည်းမှာပဲ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ကော့မြစ်စီးဆင်းရာ ဒေသတွေမှာတရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီတွေရဲ့သတ္တုတူးဖော်မှုများကြောင့်နှစ်နိုင်ငံလုံးရှိလူထုရဲ့ သောက်သုံးရေအရင်းအမြစ် ညစ်ညမ်းရပြီး နေ့စဉ်လူနေမှုဘဝနဲ့ ကျန်းမာရေးကိုပါ ထိခိုက်နေတယ်ဆိုတာကို မြန်မာကျောင်းသားသမဂ္ဂတွေက ကြေညာချက်မှာ ထပ်လောင်းအသိပေးထားတာတွေ့ရပါတယ်။
ဒါကြောင့် ထိုင်းအစိုးရ အနေနဲ့ မြန်မာအာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုပေးတဲ့ သံတမန်ရေးရာဆောင်ရွက်ချက်တွေနဲ့ မူဝါဒတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ကိုလည်းကြေညာချက်မှာတိုက်တွန်းပါတယ်။
ထိုင်းအစိုးရအနေနဲ့ ကာလတိုစီးပွားရေးနဲ့ နိုင်ငံရေးအကျိုးအမြတ်ထက် အခြေခံလူ့အခွင့်အရေး၊စစ်ဘေးဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ၊ နှစ်နိုင်ငံပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒကို ရှေ့ရှုတဲ့ ရေရှည်တည်ငြိမ်ရေး မူဝါဒတွေကိုသာ ကျင့်သုံးသင့်တယ်လို့ တပါတည်းအကြုံပြုထားတာတွေ့ရပါတယ်။


















































