ဩဂုတ်−၁၂၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ရှောင် ၂ ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) – CTERက ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုက ဩဂုတ် ၁၁ ရက် ညနေပိုင်းမှာဖြစ်ပွားခဲ့ပြီး စစ်တပ်က စစ်ရှောင်စခန်းကို အသေခံဒရုန်းဗုံး ၃လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ရှောင် အမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၁ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကလည်း စစ်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အမျိုးသား ၁ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဖရူဆိုမြို့အနောက်ခြမ်း ဒေါကူလယ်ကျေးရွာကို ဩဂုတ် ၄ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ၂ကြိမ် တိုက်ခိုက်ခံရတာကြောင့် ၆လသားကလေးငယ်အပါအ၀င် စစ်ရှောင်မိသားစု ၅ဦး သေဆုံးခဲ့ရပါသေးတယ်။
စစ်တပ်ရဲ့ လေကြောင်းကနေ ကင်းထောက်လှမ်းမှုနဲ့ တိုက်ခိုက်မှုတွေ ပိုများလာလို့ စာသင်ကျောင်းတချို့ကိုပါ ပိတ်ထားရပါတယ်လို့ CTERက အသိပေးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူ ၃သိန်း၀န်းကျင်ရှိပြီး ၇၀၀ ကျော် သေဆုံးထားပါတယ်။

















































