ဩဂုတ် ၁၉၊၂၀၂၆၊ရှိန်း/ People’s Spring
နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်မ(၃၃)ဟာ မန္တလေးမြို့ကနေ ကားအစီးရေ ၃၀ ကျော် ဒီကနေ့မနက်ပိုင်းက သပိတ်ကျင်းမြို့နယ်ကိုထွက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၉ ရက် ဒီကနေ့ မနက်ပိုင်းက တပ်မ(၃၃) လက်အောက်ခံ ခမရ-၁၁၆ တပ်ရင်း နဲ့ ခမရ-၁၁၉တပ်ရင်းတွေ ကားအစီးရေ ၂၅ စီးနဲ့ မတ္တရာမြို့နယ်ကဖြတ်ပြီး ဒီနေ့ နေ့လည်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်ကို သွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
မန္တလေးမြေ ပြင်ကင်းထောက်အဖွဲ့ (VOM)မှာလည်း မန္တလေးမြို့ အနောက်ဘက် ကမ်းနားလမ်းကနေ ဂျမ်ဘာကားတွေပါတဲ့ စစ်တပ်ယာဉ်တန်း မြောက်ဘက်ကိုဦးတည်ထွက်နေတယ်လို့ ဖော်ပြထားပါတယ်။
တဖက်မှာလည်း တပ်မ(၃၃)က တပ်တွေကို ဩဂုတ် ၁၈ရက် မနေ့က သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာက တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်း ကျောင်း(တတက-၁၃)ကို ရဟတ်ယာဉ်နဲ့ အင်အားပို့ထားတယ်လို့ သိရပါတယ်။
“အကုန်လုံးက တွင်းငယ်ကိုစုပြီး ဗန်းမော်ကို ထိုးမယ်လို့သိထားရတယ်။အင်အားက များတယ်။အရင် အင်းတော်နဲ့ မော်လူးကို ထိုးသလိုပဲစုဖွဲ့မှုပြန်လုပ်ထားတယ်”လို့စစ်ရေး သတင်းအရင်းမြစ်တဦးက ပြောပါတယ်။
စစ်ကိုင်းမြို့ကို အခြေစိုက်ထားတဲ့ တပ်မ(၃၃)ဟာ စစ်ကိုင်းတိုင်း ရေဘေးသင့်နေချိန်မှာ တပ်တွင်းစစ်သင်တန်းတွေပို့ချခဲ့ပြီး အရင်က ရခိုင်စစ်မြေ ပြင်ကို ပို့ဖို့ပြင်ဆင်ခဲ့တာလို့ သိရပါတယ်။
တပ်မ(၃၃)လက် အောက်ခံတပ်တွေဟာ အင်းတော်နဲ့ မော်လူးမြို့ ထိုးစစ်ဆင်ပြီး ဇူလိုင်၂၂ ရက်က နောက်တန်းပြန်ဝင်ခဲ့တာပါ။
ဒါပေမယ့် လက်ရှိ ဗန်းမော်မြို့စစ်ဆင်ရေးကို တပ်မ(၃၃) ပြန်လည်ဝင်ရောက်မယ်လို့ သတင်းရရှိပြီး လက်ရှိ ဗန်းမော်မြို့မှာလည်း ခမရ-၁၁၆ နဲ့၁၁၉တပ်ရင်းတွေကဆင်းထားတဲ့ စစ်မှုထမ်းတွေနဲ့ စစ်တပ်က ခုခံစစ်ပြင်နေတာပါ။
ယခုရက်ပိုင်းမှာလည်း စစ်တပ်ရဲ့ တပ်မ (၇၇)လည်း နောက်တန်းပြန်ဝင်လာပြီး တပ်မ(၃၃) စစ်ဆင်ရေးခွင်ပြောင်းတာကြောင့် ဒီတပ်တွေ ရခိုင်ဒေသစစ်ဆင်ရေးသွားရနိုင် ခြေပိုများတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ခန်းမှန်းပါတယ်။


















































