ဩဂုတ်-၂၀၊ ၂၀၂၆။မိုမို/People’s Spring
မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီကနေ့(ဩဂုတ် ၂၀ ရက်)မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုအချိန်မှာပဲ ကိုရီးယားသမ္မတနိုင်ငံက ဒေါ်လာ ၅သန်းကူညီလိုက်ပြီး ကူညီမှုအတွက် ရီးယားသမ္မတနိုင်ငံနဲ့ WFP တို့ ပူးပေါင်းကာ ပဋိပက္ခဒဏ်ခံစားနေရတဲ့ လူဦးရေ ၁၄၀,၀၀၀ အတွက် ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီနဲ့ အသက် (၅)နှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင် စုစုပေါင်း ၁၅,၀၀၀ ဦး အတွက် အာဟာရဆိုင်ရာအထောက်အပံ့တွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
“ပဋိပက္ခဒဏ်ခံစားရသော အိမ်ထောင်စုများအတွက် အရေးပေါ်အကူအညီဖြင့် တုံ့ပြန်ခြင်း” လို့ အဓိပ္ပါယ်ရတဲ့ REACH အစီအစဥ်ဟာ ကိုရီးယားသမ္မတနိုင်ငံနဲ့ WFP မြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေကို လျှော့ချနိုင်ရေးအတွက် ရပ်ရွာလူထုနဲ့လက်တွဲပြီး လုပ်ဆောင်ကြဖို့ ရည်ရွယ်တယ်လို့ အသိပေးပါတယ်။

Public Service Announcement
“မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေချိန်၊ အလွန်အရေးပါတဲ့အချိန်မှာ REACH အစီအစဥ်ရဲ့ ဒုတိယအဆင့်ကို ဆောင်ရွက်တာ”လို့ WFP က ဖော်ပြပါတယ်။
လက်ရှိမြန်မာ့ လူဦးရေ ၁၂ ဒဿမ ၄ သန်းဟာ လတ်တလောဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရသလို လူဦးရေ ၄ သန်းဝန်းကျင်ဟာလည်း နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ WFP က ဆိုပါတယ်။
ဒါ့အပြင် မြင့်မားနေတဲ့ စားနပ်ရိက္ခာနဲ့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေရင် ထပ်တိုး လူဦးရေ (၅) သန်းအထိ လတ်တလော စားနပ်ရိက္ခာမလုံလောက်မှုအခြေအနေကို ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
REACH အစီအစဥ် ပထမအဆင့်အနေနဲ့ ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ သန်းကူညီထားပြီးမြန်မာတစ်ဝန်းက လူဦးရေ ၄၂၀,၀၀၀ ကျော်ဆီ အကူအညီတွေ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပဋိပက္ခတွေ နှစ်ချီကြာမြင့်မှုနဲ့အတူ လက်ရှိ ရေဘေး ဖြစ်ပွားနေတဲ့ မြန်မာပြည်တွင်းမှာ ကုလအဖွဲ့အစည်း တွေအပါအ၀င် လူသားစာနာရေးအသင်းအဖွဲ့တွေအနေနဲ့ စစ်တပ်ထိန်းချုပ်ရာဒေသတွေကိုပဲ ဦးတည်ပံ့ပိုးပေးနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
အကူအညီတွေမှာ စစ်တပ်ရဲ့ ချုပ်ကိုင်မှုကို ဖြေလျော့နိုင်ရေးနဲ့ အမှန်တကယ်အရေးပေါ်အကူအညီ လိုနေတဲ့ဒေသတွေကို လာရောက်ဖို့ အခက်အခဲရှိခဲ့ရင် တဆင့်ခံ အကူအညီတွေပေးနိုင်ရေး ကြိုးစားပေးဖို့ အရပ်ဘက်နဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။


















































