ဩဂုတ် ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဩဂုတ် ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းအား လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အတည်ပြုပြဋ္ဌာန်းပြီး လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်အဖြစ်ဖွဲစည်းကာ လူ့အခွင့်အရေး ဆိုင်ရာလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ စီစဉ် ဆောင်ရွက်နေတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အား ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။
လူ့အခွင့်အရေးဝန်ကြီးဌာနကို ၂၀၂၁ မေလ ၃ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ ပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို ပြုစုထုတ်ပြန်နေသလို ပြည်သူတွေ တော်လှန်ရေးရဲဘော်တွေကို လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှု လုပ်ငန်းတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အခြေခံစစ်သည်တော်ကျင့်ဝတ် (CoC)နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)ဆိုင်ရာ ဆင့်ပွားအသိပညာပေးသင်တန်းတွေကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
၏လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန (MOHR) ရဲ့ ၅ နှစ်တာ ခရီးနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက ဩဂုတ် ၁၁ရက်မှာ အသိပေးထုတ်ပြန်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ခဲ့ကြသူများ၊ မျက်မြင်သက်သေများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများဖြစ်ကြတဲ့ မြန်မာပြည်သူပြည်သားများရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဦးညွှတ်ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။
မြန်မာပြည်သူများရဲ့ အန္တရာယ်မျိုးစုံအကြားမှ သတင်းပို့ပေးခြင်းများကြောင့်သာလျှင် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ မှတ်တမ်းတင်နိုင်ခြင်းကြောင့်သာ အနာဂတ်တွင် တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် အခြေခံကောင်းများကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
“မြေပြင်တွင် လက်ဆောင်ရွက်နေသော လူ့အခွင့်အရေး တာဝန်ခံများ၊ ဝန်ကြီးဌာန၏ အကြံပေးများ နှင့် ဝန်ထမ်းများ၊ NUG၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ နှင့် မရှိမဖြစ် အရေးပါသော အရပ်ဘက်လူထုအဖွဲ့အစည်းများကိုလည်း ကျေးဇူးမှတ်တမ်းတင်အပ်ပါသည်” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဥပဒေ (UHRC Bill) ပေါ်ပေါက်လာရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကနဦး မူကြမ်းပြုစုတဲ့ (Drafting) အဆင့်မှာ ပြည်တွင်း၊ပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ကျယ်ပြန့်စွာ ပူးပေါင်းညှိနှိုင်းခဲ့သလို အစိုးရအဖွဲ့အတွင်းမှာလည်း စနစ်တကျ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုရဲ့ အသံနဲ့ အကြံဉာဏ်တွေကို အဓိကအခြေခံပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ ဖက်ဒရယ်ယူနစ်တွေနဲ့ ဒေသအလိုက်လွှတ်တော်တွေ အားလုံးပါဝင်တဲ့ ဘက်စုံဆွေးနွေးမှု(Broad-based Consultation)တွေကို ဆက်လက် ပြုလုပ်ခဲ့ရာ ရရှိလာတဲ့ အကြံပြုချက်အားလုံးကို စနစ်တကျ ထည့်သွင်းပေါင်းစပ်ပြီး ဥပဒေမူကြမ်းကို ပြုစုနိုင်ခဲ့ကြောင်း အသိပေးပါတယ်။ ၂၀၂၆၊ဇွန်လအတွင်းမှာ အရေးကြီးဆုံး မှတ်တိုင်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ ဘက်စုံအကြံပြုချက်တွေ ပေါင်းစပ်ပြီးသား ဥပဒေမူကြမ်းကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ_ NUCC ထံသို့ တရားဝင် လွှဲပြောင်းပေးပို့ အပ်နှံပြီးစီးခဲ့ပြီဖြစ်ကာ NUCC ရဲ့ အတည်ပြုချက် ရရှိပါက CRPH ထံ ဆက်လက် တင်သွင်းသွားမယ်လို့ ဇူလိုင်လအတွင်းမှာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
NUG ကလည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းခြင်းနဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ရာ NUCCက အတည်ပြုထားတဲ့ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် စိစစ်၊ သုံးသပ်၊ ဆွေးနွေးလျက် ရှိပြီး ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီးပါက ဥပဒေနဲ့ အညီ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင်တစ်ရပ် ပေါ်ပေါက်လာမယ်လို့ အသိပေးပါတယ်။
” လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေး အခြေပြုတိုက်တွန်း အရေးဆိုခြင်း၊ လူ့အခွင့်အရေး နှင့် ကိုက်ညီသော မူဝါဒများ ပေါ်ထွက်စေခြင်းနှင့် လူ့အခွင့်အရေး အသိပညာများ မြှင့်တင်ခြင်းတို့ဖြင့် ဝန်ကြီးဌာန၏ နွေဦးတော်လှန်ရေးတွင် ထမ်းဆောင်အပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်ပြီးစီးသည်ဖြစ်လျက် နောက်တစ်ဆင့် ခြေလှမ်းအတွက်ပါ အခြေခံကောင်းများကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်ဟု မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။” လို့ NUGက ထုတ်ပြန်ပါတယ်။
ဝန်ကြီးဌာနစတင် တည်ထောင်ချိန်မှ စတင်၍ ယခုအချိန်အထိ နွေဦးတော်လှန်ရေးရဲ့ လူ့အခွင့်အရေး စာမျက်နှာတွင် ဦးဆောင်အခန်းကဏ္ဍတရပ်မှ ပါဝင်ခဲ့ပြီး အခြေအနေနဲ့ အချိန်အခါ အရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် လိုက်ပါဆောင်ရွက်ခဲ့ကြတဲ့ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အကြံပေးအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများနဲ့ မိတ်ဖက် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် ပြည်သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း NUG က ကြေညာခဲ့ပါတယ်။


















































