စစ်ကောင်စီ၏ အကြမ်းဖက်မှုရန်ကြောင့် တောထဲ တိမ်းရှောင်နေရသည့် မြင်သားဒေသခံတစ်ဦးနှင့် မေးမြန်းခန်း
စစ်ကောင်စီတပ်က မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်း၊မီးရှို့ခြင်း၊ အရပ်သားများအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ္စည်းလုယက်ခြင်း၊ဖျက်ဆီးခြင်းများကြောင့် စစ်ကောင်စီတပ်များ ဝင်ရောက်လာပါက ဒေသတွင်းရှိ ကျေးရွာများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ၊ မြင်သားရွာ၊ စန်းမြို့ရွာ များအပါအဝင် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ်အများအပြားမီးရှို့ခံခဲ့ရသည်။ လက်ရှိတွင် အဆိုပါ ကျေးရွာ သုံးရွာ အပါအဝင် ဂန့်ဂေါနယ်၌ ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သောင်းကျော်တိုင်ရှိနေပြီဖြစ်သည်။ စစ်ကောင်စီတပ် ရန်ကြောက်၍ မြင်သားရွာမှ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

မေး-မြင်သားရွာက ရှောင်တိမ်းနေရတဲ့ပြည်သူတွေရဲ့အခြေအနေ ကို ပြောပြပါလား
ဖြေ-အခုလောလောဆယ် စစ်ရှောင်ရင်းနဲ့ မွေးလူနာတွေရှိတယ်။ နောက်ပြီး ကိုယ့်ရွာမဟုတ်ဘဲ ဟိုးတစ်နေ့က ကျွန်မတို့ရွာကို တစ်ရက် မီးရှို့သေးတယ်လေ။ မနေ့ (ဒီဇင်ဘာ ၂၁)က မီးရှို့ခံရတဲ့ ရွာ(စန်းမြို့ကျေးရွာ)က လူတွေလည်း ဒီဘက်ကို ပြေးလာတယ်။ အဲဒါ သူတို့ စားရေးသောက်ရေးတွေအဆင်ပြေအောင် စီစဉ်ပေးနေတယ်။ ကိုယ့်ရွာကလူတွေကလည်း တခြားရွာဘက်ကို ပြေးတယ်။ တခြားရွာကလူတွေက ကိုယ့်ရွာဘက်ကို ပြေးလာတယ်။ အဲဒီလို အကုန်ပတ်ချာလည်နေတာ။အားလုံးရှောင်နေရတယ် ။ ရွာထဲမှာ အိပ်တဲ့သူတွေက သတ္တိခဲတွေပဲ။ လက်ရှိအခြေအနေက စစ်ကြောင်းက ပြောရမဘူး ဒီဘက်ကို ပြန်လာမှာလိုလို သတင်းတွေကြားနေရတယ်။ ဖမ်းဆီးသွားတဲ့ သူတွေလည်း ဒီမနက်(ဒီဇင်ဘာ ၂၂ မနက်)လွတ်လာတယ်။ သူတို့ပြောပုံအရဆိုရင် မြစ်ဟိုဘက်ကမ်းကို ကူးသွားပြီ။ ဒါပေမဲ့ ဒီဘက်ကို ပြန်လာမယ့်အနေအထားလိုမျိုး ပြောပြောနေလို့ စိတ်ပူနေကြတာ။

Public Service Announcement

မေး-ပြန်လွတ်လာတယ်ဆိုတဲ့သူတွေက ဘာကြောင့်အဖမ်းခံရတာလို့ သိရလဲ။
ဖြေ- ဘာကြောင့် အဖမ်းခံရလဲ မသိရဘူး။ လမ်းကြောသိချင်လို့ လမ်းပြအနေနဲ့ ဖမ်းတာဖြစ်နိုင်တယ် လူသားဒိုင်းအနေနဲ့ အသုံးပြုတာလည်း ဖြစ်နိုင်တယ်။ တိတိကျကျတော့ ပြောလို့ မရသေးဘူး အဲဒီ ဖမ်းဆီးခံသွားတဲ့သူတွေနဲ့ ကျွန်မနဲ့ တိုက်ရိုက်မတွေ့ရသေးဘူးဆိုတော့လေ။ ဘာကြောင့်လဲဆိုတာတော့ သူတို့နဲ့ တွေ့ပြီးရင်သဲလွန်စရနိုင်တာပေါ့။
မေး-သူတို့ကို ဘယ်နေ့က ဖမ်းသွားတာလဲ။
ဖြေ- ကျွန်မတို့ရွာ(မြင်သားရွာ)ကို မီးရှို့တဲ့နေ့က ဖမ်းသွားတာ ။ ၁၉ရက်နေ့က ဖမ်းသွားတာ ဒီမနက်လွတ်လာတာ။ သုံးဦးပါသွားတာ။ သုံးဦးလုံးပြန်လွတ်လာပြီ။
မေး-ဒီနေ့(ဒီဇင်ဘာ ၂၂) မြင်သားရွာနား တိုက်ပွဲ ဖြစ်သေးတယ်လို့ သတင်းကြားရတယ်။
ဖြေ- ဟုတ်တယ်။ တိုက်ခိုက်မှုဖြစ်သေးတယ်။ အဲဒီမှာ သူတို့ အိမ်တွေ ဖွေတယ် ရှာတယ် အဲဒီတံတားထိပ်က အိမ်တွေလည်း အကုန်လုံးရှာဖွေတယ်။ ဒီဘက်ကလည်း အားလုံးပြေးတယ်ဆိုတော့ ဒီတစ်ခါ ပြည်သူဘက်က သူတွေကျဆုံးတာတွေမရှိပါဘူး။ သူတို့ဘက်ကတော့လည်း ကျဆုံးလား မကျဆုံးလား တိတိကျကျ မပြောနိုင်ဘူး။ သူတို့ထွက်သွားလောက်တဲ့အချိန် သွားကြည့်တော့ သဲလွန်စ ဘာမှမတွေ့ရဘူးဖြစ်နေတာ။ ကျဆုံးတယ်လို့တော့ ပြောနေကြတယ်။သူတို့(စစ်ကောင်စီတပ်) ကျဆုံးတာ ဝမ်းသာအားရနဲ့ ဝမ်းတွေသာနေကြတာ။ တကယ် ကျဆုံး မကျဆုံးက သေချာမပြောနိုင်ဘူး။ သူတို့က အားလုံးလက်စဖျောက်ခဲ့တာလားပေါ့။ အဲဒီလို မသိရလို့ တပ်အပ်မပြောနိုင်တာ။
မေး-အမတို့ရွာက သူတို့ဝင်လာမယ်ကြားကတည်းက ရှောင်တာနော်။
ဖြေ-ဟုတ်တယ်။ အုပ်စုရွာ လေးရွာ(မြင်သားရွာ၊ မြင်သားအလယ်ရွာ၊ မြင်သားရွာမ၊ မြင်သားမြောက်ကုန်း)ရှောင်တယ်။ မနေ့ကထိ မီးရှို့ခံရတဲ့ ရွာလည်း ကျွန်မတို့ ရွာဘက်တွေရောက်လာတယ်။ စန်းမြို့ရွာတဲ့ မနေ့(ဒီဇင်ဘာ ၂၁ရက်)ကမီးရှို့ခံရတာ။ မနေ့ကမီးရှို့ခံရတဲ့ရွာမပါဘဲ ကျွန်မတို့ လေးရွာအုပ်စုဆိုရင်တော့ စစ်ရှောင်ဦးရေက ခန့်မှန်းရသလောက်ဆိုရင် ရှစ်ထောင်အထက်မှာရှိမယ်။ လာတဲ့ စန်းမြို့ရွာဆိုတာက သူတို့က အိမ်ခြေ ၂၀၀ ကျော်ရှိတယ်။ သူတို့အားလုံးကတော့ ခုထိ ထွက်ပြေးနေရတယ်။
မေး-လက်ရှိ အဓိကအခက်အခဲတွေ ဘာတွေလဲ။
ဖြေ-လက်ရှိရင်ဆိုင်နေရတာက ကိုယ့်အိမ်နဲ့ကိုယ်မနေရဘူး တောထဲတောင်ထဲနေရတယ်။ အခက်အခဲဆုံးက တောထဲမှာပဲ အိပ်နေရတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း အိပ်နေရတယ်။ အခက်အခဲက ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း မွေးလူနာ တချို့ရှိတယ်။ တခြား ဆိုးဝါးတဲ့လူနာတွေလည်းရှိတယ်။ ဆေးမှူးနဲ့ မကြည့်မဖြစ် ကြည့်နေရတဲ့လူနာတွေလည်း ရှိတယ်ဆိုတော့ အခက်အခဲတွေက အများကြီးပဲ။ အာလုံးက ထွက်ပြေးရတာဆိုတော့ ဆေးမှူးဘယ်နားရှိလဲ၊ လူနာဘယ်နားရှိလဲဆိုတာ သေချာမသိနိုင်ဘူးဆိုတော့လေ။ ကျန်းမာရေးဆေးမှူးက ရွာဒေသခံရှိတယ်။ သူနဲ့ ပြနေရတာ သက်ကြီးရွယ်အိုတွေရှိတယ် သူနဲ့မ ဖြစ်မနေ ပြနေရတာ ကျောက်ကပ်သမားတို့ နှလုံးရောဂါ ၊သွေးတိုးရောဂါ အဲဒါတွေက နှစ်ရက်ခြား သုံးရက်ခြားပြနေရတာလည်းရှိတယ်။ တချို့က ဘာထိခိုက်လဲတော့မသိဘူး ဆေးမှုးနဲ့ စကားပြောဖြစ်တာ ခြေမကြီး ပုပ်နေလို့သူနဲ့နေ့တိုင်း တွေ့နေရတဲ့လူနာတချို့လည်းရှိတယ်ပြောတယ်။
မေး-စစ်ကောင်စီတပ်တွေ ဝင်လာတယ်ဆိုကလည်းက ပြည်သူတွေပြေးကြတာ ဘာကြောင့်ပါလဲ။
ဘာကြောင့်လဲဆိုတာ သူတို့နဲ့ ထိပ်တိုက်တွေ့လို့မရလို့လေ။ ထိပ်တိုက်တွေ့ဖို့က ကြောက်တာလည်း ပါတယ်။ ကိုယ့်ကိုယ် ဖမ်းခေါ်သွားမယ်မသိ ပစ်သတ်သွားမယ်မသိ၊ ကိုယ့်ကိုယ် ဘယ်လိုလုပ်မယ်ဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့ မရတဲ့အခြေအနေမျိုးမှာ သူတို့နဲ့က အရင်တစ်ခေါက်ကလည်း ခံထားပြီးပြီး ဆိုတော့လေ။ အပြစ်မဲ့ပြည်သူတွေတောင် ပစ်ခံရတယ်ဆိုတော့ ဒီတစ်ခေါက်လည်း စိုးရိမ်ပြီးတော့ သွားကြတာပေါ့။ ပြေးကြတာပေါ့။ ကျားမ မကျန်အကုန်။ အသက်အကြီးဆုံးတွေပဲ နည်းနည်း အသက်ကြီးတဲ့သူတွေပဲ ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တာ။ အခုက တော်တော်များများက အသက်ကြီးတဲ့သူတောင် မနေကြပါဘူး။ အခုက ရွာထဲမှာ ဘယ်သူမှ မကျန်အောင် ထွက်ပြေးတာပဲ။အရင်တစ်ခေါက်ကလည်း ခံပြီးသားဆိုတော့လေ။ အရင်က သက်ကြီးရွယ်အိုလည်း ပစ်သတ်ခံခဲ့ရတာဆိုတော့လေ။
မေး-အရင်တစ်ခေါက်(စက်တင်ဘာ ၉ရက်၊ ၁၀ရက်တွင် စစ်ကောင်စီတပ်က မြင်သားရွာအား ဝင်ရောက်စီးနင်း တိုက်ခိုက်မှု)က သေဆုံးတာ စုစုပေါင်းက ၁၇ဦးလား၊ ၁၈လား။
ဖြေ- အပြစ်မဲ့ ပြည်သူ ၁၈ပါရှင်။
မေး-ဘာများဖြည့်စွက်ပြောလိုပါသလဲ။
ဖြေ-အရေးတော်ပုံကြီးအမြန်အောင်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အေးအေးချမ်းချမ်းဖြစ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ရဲ့ တောတောင်မှာ နေရတဲ့ သူတွေကျတော့ တောင်သူလုပ်ငန်းပဲ လုပ်ကိုင်စားကြတယ်ဆိုတော့လေ အဲဒီအတွက် အခက်အခဲတွေအများကြီးတွေ့တယ်။ သီးနှံတွေပစ်ပြီးတော့ ပြေးရတာ အဆင်မပြေပါဘူး။ အဲဒီတော့ အမြန်ဆုံးအရေးတော်ပုံအောင်ချင်ပါတယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။


















































