သီဟံ ရေးသားသည်။
ပူတင်ဟာ စစ်ကို အလွယ်တကူ ရပ်မှာမဟုတ်ဘူး။စစ်ရပ်လိုက်ရင် နိုင်ငံရေး၊ စစ်ရေး၊ ကိုယ်ပိုင်ဂုဏ်သိက္ခာနဲ့ အာဏာအတွက် ပေးဆပ်ရမယ့် တန်ဖိုးထက်၊ စစ်ဆက်တိုက်နေလို့ ပေးဆပ်ရတဲ့ တန်ဖိုးက ပိုကြီးလာပြီလို့ သူကိုယ်တိုင် ယုံကြည်လာတဲ့အချိန်မှသာ စစ်ကို အဆုံးသတ်ဖို့ စဉ်းစားနိုင်မယ်လို့ The Economist က သုံးသပ်ထားပါတယ်။
သူဟာ ယူကရိန်းပြည်သူတွေ အသက်ဆုံးရှုံးနေတာကို သိပ်ဂရုမစိုက်သလို၊ ရုရှားနိုင်ငံက လူအင်အားနဲ့ ငွေကြေးအရင်းအမြစ်တွေ ဆုံးရှုံးနေတာကိုလည်း သူ့ရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာအတွက် လုပ်နေတဲ့ စစ်ကြောင့် အရေးမထားပါဘူး။ဒါကြောင့်ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက “ဒီစစ်ကို နိုင်မှာမဟုတ်ဘူး၊ ဆက်တိုက်လေလေ ပိုအားနည်းလေလေ ဖြစ်မယ်” ဆိုတာကို ပူတင် ယုံကြည်လာအောင် လုပ်ဖို့ပဲ ဖြစ်တယ်လို့ ဆောင်းပါးက သုံးသပ်ထားပါတယ်။
ဩဂုတ်လ ၇ ရက်နေ့မှာ အမေရိကန် အထက်လွှတ်တော်က “လင်ဆေးအိုဂရေဟမ် အမည်နဲ့ ရုရှားနှင့် အီရန်ကို ပိတ်ဆို့အရေးမယ့် ဥပဒေ (Lindsey O. Graham Sanctioning Russia and Iran Act)” ဆိုတဲ့ ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။ ယူကရိန်းကို အားပေးထောက်ခံခဲ့တဲ့ အထက်လွှတ်တော်အမတ် လင်ဆေးအိုဂရေဟမ် ကို ဂုဏ်ပြုနာမည်ပေးထားတဲ့ ဒီဥပဒေကြမ်းက အမေရိကန်သမ္မတကို ရုရှားအပေါ် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်နိုင်အောင် အာဏာပေးထားတာ ဖြစ်ပါတယ်။

Public Service Announcement
အဲဒီထဲမှာ ပူတင်နဲ့ ရုရှားအာဏာပိုင်တွေ၊ ရုရှားစွမ်းအင်စီမံကိန်းတွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေကို ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ဖို့ ပါဝင်တယ်။ ရည်ရွယ်ချက်ကတော့ ရုရှားက ယူကရိန်းနဲ့ ငြိမ်းချမ်းရေး မလုပ်မချင်း စီးပွားရေးဖိအားပေးနေဖို့နဲ့ အမေရိကန်ကယူကရိန်းကိုလက်မလျှော့ဘူးဆိုတဲ့သတင်းစကား ပို့ချင်တာပဲ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ထောက်ခံမဲ ၈၆ မဲ၊ ကန့်ကွက်မဲ ၁၁ မဲ နဲ့ အတည်ပြုခဲ့ပြီး၊ အမေရိကန်နိုင်ငံရေးမှာ ပါတီနှစ်ဖက် ပူးပေါင်းဆောင်ရွက်တာ ရှားပါးတဲ့ ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် The Economist ရဲ့ စိုးရိမ်ချက်ကတော့ ဥပဒေကြမ်းဟာ သမ္မတထရမ့် ကို အကောက်ခွန် (tariff) တိုးမြှင့်သတ်မှတ်နိုင်တဲ့ အာဏာအများကြီး ထပ်ပေးလိုက်တာပဲ ဖြစ်တယ်။
ဒီဥပဒေကြမ်းအရ ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ့ကို အများဆုံးတင်သွင်းတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ ရုရှားကို ပိတ်ဆို့ဒဏ်ခတ်မှု ရှောင်ရှားအောင် ကူညီတဲ့ ဘယ်နိုင်ငံကိုမဆို အမေရိကန်က အများဆုံး ၁၀၀% အကောက်ခွန် ချမှတ်နိုင်ပါတယ်။
ဒါပေမယ့်သမ္မတက”အမေရိကန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်တယ်” လို့ ယူဆရင် အဲဒီအကောက်ခွန်ကို ဖယ်ရှားပေးနိုင်တယ်၊ လျှော့နိုင်တယ်၊ တိုးနိုင်တယ်။ တစ်နိုင်ငံကရုရှားရေနံတင်သွင်းတာကို လျှော့လိုက်ရင်လည်း အကောက်ခွန်ကို ပြန်ပြင်နိုင်ပါတယ်။
တစ်နည်းပြောရရင် ဒီဥပဒေက သမ္မတကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ လုပ်ပိုင်ခွင့် အရမ်းများများ ပေးထားတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ထရမ့်လို လူတစ်ယောက်ကို ဒီလိုအာဏာမျိုးပေးတာဟာ စိုးရိမ်စရာလို့ The Economist က သုံးသပ်ထားပါတယ်။
ဒီလိုစဉ်းစားတာက ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက ပူတင်ရဲ့ အပြုအမူကို သိသိသာသာ မပြောင်းလဲနိုင်ပါဘူး။ အကြောင်းကတော့ ရုရှားမှာ “Shadow Fleet” လို့ခေါ်တဲ့ ရေနံတင်သင်္ဘောကွန်ရက်ကြီးရှိနေပြီး၊ ပိတ်ဆို့မှုကို ရှောင်ပြီး ရေနံတင်ပို့နေဆဲ ဖြစ်လို့ပါလို့ ဆိုပါတယ်။
ဒါကြောင့် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်နဲ့ ဒီမိုကရက်အမတ် ရစ်ချတ်ဘလူမင်သယ် တို့က “ရုရှားကို တိုက်ရိုက်မရရင် ရုရှားဆီက ရေနံဝယ်တဲ့နိုင်ငံတွေကို အကောက်ခွန်တင်မယ်” ဆိုတဲ့ နည်းလမ်းသစ်ကို ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အန္တရာယ်ကတော့ထရမ့်က “အမျိုးသားအကျိုးစီးပွား” ဆိုတဲ့ စကားလုံးကို သူ့စိတ်ကြိုက် အဓိပ္ပာယ်ဖွင့်ပြီး အသုံးချနိုင်တာပဲလို့ ဆောင်းပါးက ထောက်ပြထားပါတယ်။
အရင်တုန်းကလည်း ထရမ့်ဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေးလိုငွေပြမှုကို “အရေးပေါ်အခြေအနေ” လို့ ကြေညာပြီး အကောက်ခွန်တင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက အမေရိကန် တရားရုံးချုပ်က အဲဒီလုပ်ရပ်ဟာ ဥပဒေနဲ့မညီဘူးလို့ ဆုံးဖြတ်ပြီး ပယ်ချခဲ့ပါတယ်။
The Economist ရဲ့အမြင်ကတော့ဒီဥပဒေကြမ်းဟာ တရားရုံးက ပြန်ယူထားတဲ့ အာဏာ တစ်စိတ်တစ်ပိုင်းကို ထရမ့်လက်ထဲ ပြန်အပ်ပေးသလို ဖြစ်နေတယ်။ အဲဒါကြောင့် အမေရိကန် စားသုံးသူတွေက ကုန်ဈေးနှုန်း ပိုတက်လာနိုင်သလို၊ ကမ္ဘာ့ကုန်သွယ်ရေးစနစ်တစ်ခုလုံးလည်းထရမ့်ရဲ့အကောက်ခွန်မူဝါဒအပေါ် မူတည်နေရတဲ့အခြေအနေကိုပြန်ရောက်သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
တကယ်တော့ ဝါရှင်တန်မှာ ယူကရိန်းကို ကူညီနိုင်တဲ့ ပိုထိရောက်တဲ့ နည်းလမ်းတွေ ရှိနေပါသေးတယ် လို့လည်း The Economist က အကြံပေးထားပါတယ်။
ပထမနည်းလမ်းကတော့ လက်တွေ့ကျတဲ့ စစ်ရေးအကူအညီ ပေးတာပါ။
အခု ယူကရိန်းဟာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အမေရိကန်လုပ် ပက်ထရော့ (Patriot) လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ မလုံလောက်တော့ဘူး။ အမေရိကန် ကိုယ်တိုင်လည်း အီရန်နဲ့ ပဋိပက္ခအတွင်း အသုံးများခဲ့လို့ လက်ကျန်အရေအတွက် များများစားစား မရှိတော့ဘူး။
ဒါပေမယ့် အမေရိကန်အနေနဲ့ ပက်ထရော့ဒုံးကျည်တွေကို ယူကရိန်းမှာပဲ ထုတ်လုပ်ခွင့် ပေးနိုင်ပါတယ်။ အဲဒီလိုဆိုရင် ယူကရိန်းက သူတို့လိုအပ်တဲ့ လက်နက်ကိုကိုယ်တိုင်ထုတ်လုပ်ပြီး ကိုယ့်နိုင်ငံကိုယ် ကာကွယ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်တစ်နည်းကတော့ ပူတင်ရဲ့ တွက်ချက်ပုံကိုပြောင်းသွားအောင်လုပ်တာဖြစ်ပါတယ်။
ပူတင်အနေနဲ့ အမေရိကန်နဲ့ ဥရောပက ယူကရိန်းကို ဘယ်တော့မှ လက်မလျှော့ဘူး ဆိုတာကို ယုံကြည်လာမှ စစ်ကိုရပ်ဖို့ စဉ်းစားနိုင်မယ်လို့ ဆောင်းပါးက သုံးသပ်ထားပါတယ်။
ဒါပေမယ့်ထရမ့်ရဲ့ယူကရိန်းအပေါ် ရပ်တည်ချက်ကမကြာခဏ ပြောင်းလဲနေသလို၊ပူတင်နဲ့ ဆက်ဆံရေးကိုလည်း ကောင်းမွန်ချင်တဲ့ သဘောရှိနေတာကြောင့် ဒီသတင်းစကားကို ပို့ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
အဲဒီနေရာမှာတေ့ာ ကွန်ဂရက်ရဲ့အခန်းကဏ္ဍကအရေးကြီးလာပါတယ်။သမ္မတတစ်ယောက်ရဲ့သက်တမ်းက ကန့်သတ်ထားပေမယ့် ကွန်ဂရက်ကတော့ အစိုးရအဆက်ဆက် ရှိနေမှာဖြစ်လို့၊ ယူကရိန်းကို ဆက်လက်ထောက်ခံမယ်ဆိုတဲ့ ရှင်းလင်းတဲ့ နိုင်ငံရေးသတင်းစကားကို ပေးနိုင်ပါတယ်။
ယူကရိန်းအတွက် ထောက်ခံမှုကို ကွန်ဂရက်က အင်အားကြီးကြီးမားမား ပြသနိုင်လေ၊ ပူတင်က ဒီစစ်ကို ဆက်တိုက်နေလည်း အနိုင်ရမှာ မဟုတ်ဘူးဆိုတာပိုမြန်မြန်သဘောပေါက်လာပြီး၊ ဆုံးရှုံးမှုကို လက်ခံကာ စစ်ကို အဆုံးသတ်ဖို့ အလားအလာ ပိုများလာမယ်လို့ သုံးသပ်ထားပါတယ်။
အချုပ် ပြောရရင် ရုရှားကို ဖိအားပေးဖို့ လိုတာ မှန်ပေမယ့်၊ ထရမ့်ကို အကောက်ခွန်တိုးမြှင့်နိုင်တဲ့ အာဏာအသစ် ပေးလိုက်တာက မှားယွင်းတဲ့ နည်းလမ်းဖြစ်တယ်။ အဲဒီအစား ယူကရိန်းရဲ့ စစ်ရေးစွမ်းရည်ကို တိုးမြှင့်ပေးပြီး၊ အမေရိကန်နဲ့ ဥရောပကရေရှည်ထောက်ခံမယ်ဆိုတဲ့ နိုင်ငံရေးအချက်ပြမှုကို ပိုခိုင်မာအောင် လုပ်တာက ပူတင်ကို ဖိအားပေးနိုင်တဲ့ ပိုထိရောက်တဲ့ နည်းလမ်းဖြစ်တယ် လို့ The Economist ကအငြင်းပွားဖွယ်ကောင်းတဲ့ သဘောထားကိုတင်ပြထားတာ ဖြစ်ပါတယ်။
ကိုးကား – The Economist


















































