ဩဂုတ်-၂၂၊၂၀၂၆။ဆဏ်း/People’s Spring
ကိုယ်ပိုင်သံစဉ်တေးသီချင်းတွေနဲ့ အောင်မြင်ခဲ့တေးရေးတေးဆို အဆိုတော်ကိုင်ဇာ ဒီနေ့ (ဩဂုတ်၂၂) ညမှာကွယ်လွန်သွားပါတယ်။
“ဆုတောင်း မပြည့်ခဲ့ပါဘူး။ချစ်သူငယ်ချင်း ကိုညီ ယခု ည (၂၂.၈.၂၀၂၆)၀၇၀၀ နာရီ အချိန်တွင်ဝိတိုရိယဆေးရုံတွင်ဘဝတပါးသို့ကူးပြောင်းသွားပြီဖြစ်ကြောင်းသိရှိရပါတယ်။သင်္ဂြိုလ်မည့် ရက်ကို ထပ်မံ တင်ပြပါ့မယ်” လို့ ကိုင်ဇာရဲ့ သူငယ်ချင်းတစ်ဦးက အသိပေးထားပါတယ်။
အဆိုတော် ကိုင်ဇာ(ခ)ဦးညီညီဝင်းက ဩဂုတ် ၂၁ ရက်မှာ အဆုတ်ထဲပိုးဝင်တာကြောင့် ဝိတိုရိယဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသနေရတာလို့ သိရပါတယ်။

Public Service Announcement
ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ လအထိ ဂီတမောင်နှမတွေနဲ့ အတူဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့သူပါ။
“ဒီပွဲလေးဟာကျမတို့သူငယ်ချင်းသုံးယောက် နောက်ဆုံးအတူဆိုရမဲ့ပွဲလို့ ဘယ်သူထင်ကြမလဲနော်။ကိုညီကောင်းရာသုဂတိလားပါစေ” လို့ အဆိုတော် မေခလာ ကသူမရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဇူလိုင် ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ ပွဲ ဓာတ်ပုံနဲ့အတူ ရေးသားထားပါတယ်။
ကိုင်ဇာက ၁၉၇၇ မှာ အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ တေးစီးရီးနဲ့ ဂီတလောကကိုစတင်ဝင်ရောက်လာတာဖြစ်ပြီး အနမ်းပန်း ၊ သီချင်းရှင်ကိုကြင်နာပါ ၊ တူနှစ်ကိုယ်တိုင်းပြည် ၊ အင်းလေးမှာရွာတဲ့မိုး ၊ မိမိုးကို စတဲ့ တေးသီချင်းတွေအပါအဝင် ပရိသတ်အားပေးမှုရရှိတဲ့ တေးစီးရီးပေါင်းများစွာ ထွက်ရှိခဲ့ပါတယ်။


















































