ဩဂုတ် ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနဲ့ ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနဲ့ မဟာမိတ်မျှဝေမှုတွေကို ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များအား တပ်ရင်းထောက်ပံ့ပေးအပ်မှု အနှစ်ချုပ်ကို ဒီကနေ့ ဩဂုတ် ၂၄ရက်မှာ ထုတ်ပြန်ခဲ့ရာ အခုလို ဖော်ပြထားတာပါ။
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် – PRF မှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့ငွေများ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် မြေပြင်သို့ စနစ်တကျ စီးဆင်းမှုကို PRF ထောက်ပို့တပ်သားများ နဲ့ ပြည်သူလူထု သိရှိစေဖို့ အခုလို တင်ပြတာဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement
“တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ PRF ထောက်ပို့တပ်သားများကို လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ”လို့ NUG ကာကွယ်ရေးက ထုတ်ပြန်ခဲ့ပြီး ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက ဆက်သွယ်နိုင်မယ့် လိပ်စာတွေကိုလည်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အသိပေးထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စတင်ဖွဲ့စည်းချိန်ကစပြီး ယနေ့အထိ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်ကို (၃၈) ကြိမ် အထိ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပို့ဆောင်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၆၀) ကျော်ကို ပေးပို့ခဲ့တာဖြစ်ပြီး (၃၆) ကြိမ်မြောက်ကစပြီး ပကဖ တိုက်ခိုက်ရေးတပ်ရင်းတွေကိုပါ တိုးချဲ့ ပေးအပ်ခဲ့ကြောင်း ဖော်ပြပါတယ်။
တပ်ရင်းထောက်ပံ့တကြိမ်ပေးအပ်ရင် ယခင်က ခန့်မှန်းအမေရိကန်ဒေါ်လာ ၉ သိန်းကျော် သုံးစွဲခဲ့ပြီး ၂၀၂၆ ခုနှစ်က စကာ ၁ ဒသမ ၃ သန်းအထိ တိုးမြှင့် သုံးစွဲနေကြောင်း အသိပေးပါတယ်။ စုစုပေါင်းတပ်ရင်းထောက်ပံ့စရိတ်တွေအားလုံးရဲ့ ၈၅ရာခိုင်နှုန်းဖြစ်တဲ့ ခန့်မှန်းအမေရိကန်ဒေါ်လာ သန်း (၃၀) ကျော်ကို PRF ရဲ့ ၄၆ လတာကာလအတွင်း (၂၀၂၁ ဒီဇင်ဘာမှ – ၂၀၂၅ စက်တင်ဘာအထိ ) ထောက်ပို့တပ်သားများတာဝန်ထမ်းဆောင်ထားတဲ့ ဘဏ္ဍာငွေတွေထဲက ထုတ်နုတ်သုံးစွဲခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
လက်ရှိပြည်သူ့တော်လှန်ရေးဟာ အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်း အင်အားဖြင့်သာ မလွဲဧကန်အောင်ပွဲရရှိမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပြီး ပြည်သူတွေအနေနဲ့NUGရဲ့ဘဏ္ဍာရှာဖွေရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက်ပါဝင်ကြဖို့တိုက်တွန်းထားပါတယ်။
၂၀၂၅ ဧပြီက ထုတ်ပြန်ခဲ့တဲ့ NUG ရဲ့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ စစ်ရေးကဏ္ဍနဲ့ပတ်သက်တဲ့ ရှင်းလင်းချက်ကို ဖော်ပြခဲ့ရာ ဘဏ္ဍာရန်ပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍတွင် အသုံးပြုခဲ့ကြောင်း အသိပေးထားပါတယ်။
PDF ရဲဘော်တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်းအားလုံးတွင် တိုက်ပွဲ ဝင်လျက်ရှိတဲ့ အားလျော်စွာ အဆိုပါ အသုံးစရိတ်များကို တနိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲ ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်တော်လှန်ရေးအဖွဲ့များအား မျှဝေထောက်ပံ့တဲ့ ရန်ပုံငွေများလည်း ပါဝင်ကြောင်း အသိပေးထားပါတယ်။ တော်လှန်ရေးကာလဖြစ်သည့်အားလျော်စွာ လက်နက်ခဲယမ်း မီးကျောက်ရရှိရေး၊ ဘဏ္ဍာ ရန်ပုံငွေရရှိရေးတွင် လိုအပ်ချက်နဲ့ စိန်ခေါ်မှုများရှိသော်လည်း တော်လှန်လူထုရဲ့ ပူးပေါင်းပါဝင် ထောက်ပံ့မှု၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ဝန်းရံကူညီမှုဖြင့် ရင်ဆိုင်ဖြေရှင်း ကျော်လွှားလျက်ရှိတယ်လို့ ဆိုပါတယ်။
“လက်ရှိက ကျနော်တို့ နိုင်ငံမှာ ဖိစီးနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ တော်လှန်ရေး လုပ်ကြတဲ့အခါမှာ လက်နက်ကိုင်တော်လှန်ရေးကို မလွှဲမရှောင်သာပဲ ရွေးချယ်လုပ်ကိုင်နေရတဲ့အခြေအနေဖြစ်တာပေါ့။ အဲဒီတော့ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ကိစ္စကလည်း ငွေရေးကြေးရေးအရ အများကြီး အကုန်အကျများတဲ့ အခြေအနေဖြစ်တာပေါ့”ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထိုစဉ်က ပြောပြခဲ့ပါတယ်။
တပ်တည်ဆောက်ရေးများ လုပ်ဆောင်ရပြီး ယင်းတပ်များကို လက်နက်တပ်ဆင်ခြင်း၊ တိုက်ပွဲများအတွက် စစ်အသုံးစရိတ်များ အသုံးပြုရခြင်းများရှိတယ်လို့ ဆိုပါတယ်။
” ဒါမျိုးတွေအတွက် ကုန်ကျစရိတ်တွေကတော့ အချိန်နဲ့အမျှ အမြဲတမ်းရှိနေတဲ့အခြေအနေဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အခြားသော အသုံးစရိတ်တွေ သုံးရသလို စစ်ရေးအတွက် သုံးရတဲ့ အသုံးစရိတ်ကတော့ ပိုပြီးတော့ ရာခိုင်နှုန်းများနေတဲ့သဘောဖြစ်ပါတယ်”လို့ ဦးနေဘုန်းလတ်က ပြောထားပါတယ်။


















































