သြဂုတ်-၂၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
“ဒီည ၃၄၄ဘက်ကပေါက်ကွဲသံတွေ အကျယ်ကြီးကြားနေရတာ။အိမ်တွေတောင်တုန်တယ်။ ၃၄၄ အနားတင်ညဘက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတာ”လို့ရေကြည်မြို့ခံတစ်ဦးက ည ၉နာရီခန့်မှာပြောပါတယ်။
သြဂုတ်လ၂၄ရက်ည ပိုင်းမှာစစ်တပ်တိုက် လေယာဉ်အချို့ ရေကြည်မြို့ဘက်ကိုဦးတည်သွားနေတာကို ဇလွန်နဲ့ ဟင်္သာတမြို့မြို့နယ်တွေကနေ မြင်တွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

Public Service Announcement
ရခိုင်ပြည်နယ်ဂွမြို့နဲ့ဆက်စပ်နေပြီးဂွ-ငသိုင်းချောင်း လမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄)ကို အာရက္ခတပ်တော် AAနဲ့မဟာမိတ်တွေက ထိုးစစ်ဆင်နေတာပါ။ စစ်တပ်ကလေ ကြောင်းကနေဗုံးကြဲခုခံနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကပြောပါတယ်။
အာရက္ခတပ်တော်(AA)သိမ်းယူထားတဲ့ဂွမြို့ဘက်ကို စစ်တပ်စစ်ကြောင်းတွေက ဧရာဝတီတိုင်းဘက်ကတဆင့်ဝင်ရောက်လာတဲ့ ပြီးခဲ့တဲ့ဇွန်လကစပြီးတိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့တာပါ။ ဇွန်လနဲ့ ဇူလိုင်လဆန်းကတိုက်ပွဲတွေမှာ ရေကြည်မြို့နယ်ထဲကစစ်တပ်စခန်းတွေကိုအာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဆက်တိုက်သိမ်းယူခဲ့ပါတယ်။
ဇွန်လကတိုက်ပွဲတွေထဲမှာ ရေကြည်မြို့နယ်ထဲကပွိုင့်(၂၈၈)ကုန်း၊ပွိုင့်(၁၈၈)ကုန်းနဲ့ပွိုင့် (၁၄၈) ကုန်းကို AAက သိမ်းယူပြီး ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်မှာ ၂၂၇ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ AAက ဇူလိုင် ၄ ရက်နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။
စစ်တပ်က အမြောက်တပ်(၃၄၄)နဲ့ လေးမျက်နှာမြို့ဘက်မှာလည်း အင်အားဖြည့်တင်းနေတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းမှာလည်းတပ်ဖွဲ့ဝင်အင်အားအများအပြားသုံးပြီး နေရာယူထားတယ်လို့လည်းသတိပေးထားပါတယ်။ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့စခန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို စစ်တပ်ကဂျက်ဖိုက်တာ၊ဒရုန်း၊လက်နက်ကြီးတွေနဲ့ဆက်တိုက်ဗုံးကြဲပစ်ခတ်နေတယ်လို့ ပြီးခဲ့တဲ့ဇူလိုင် ၇ရက်မှာ AAက ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။
ရေကြည်မြို့နယ်မှာ လက်ရှိမှာကာလအတွင်း ရေဘေးကြုံတွေ့နေတာဖြစ်ပြီး ဒေသခံတွေဟာ ရေဘေးရော စစ်ဘေးအတွက်ပါ စိုးရိမ်မှုတွေရှိကြပါတယ်။
ဧရာဝတီတိုင်းလေးမျက်နှာမြို့မှာပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီးလေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ လက်ရှိမှာ လေးမျက်နှာမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျနေပေမယ့် ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေတက်နေလို့ ယခင်က မကြုံဖူးတဲ့ရေဘေးမျိုးကိုကြုံတွေ့နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်တပ်က လေးမျက်နှာမြို့နယ်ထဲကိုလည်း လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။


















































