Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတိုက်ပွဲမှာ အငြိမ်းစားဗိုလ်မှူးချုပ်ကျော်အောင်ရဲ့သား ဗိုလ်မှူးဒေါက်တာလင်းထက်ကျော်အောင် သေဆုံး

ဇာတိကို အလောင်းပြန်မသယ်နိုင်ခဲ့ဘဲ ၉၆ ပါးရောဂါကြောင့်သေဆုံးတာလို့ မိသားစုက နာရေးကြော်ငြာ

Screenshot

‌ဇော်ရမ်း/People’s Spring

ကျောက်ဖြူမြို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အငြိမ်းစားဗိုလ်မှူးချုပ်ကျော်အောင်ရဲ့သား ဗိုလ်မှူးဒေါက်တာလင်းထက် ကျော်အောင် သေဆုံးသွားပြီး ၉၆ ပါးရောဂါကြောင့်သေဆုံးတာလို့ မိသားစုက နာရေးကြော်ငြာထားပါတယ်။

ဗိုလ်မှူးဒေါက်တာလင်းထက်ကျော်အောင်ဟာ သြဂုတ်လ၂၁ ရက်နေ့မှာ သေဆုံးသွားတာဖြစ်ပြီး သြဂုတ်လ ၂၄ ရက်နေ့မှာ ကျောက်ဖြူမြို့ သုသာန်မှာပဲ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချိရေးသတင်းစာတွေမှာ မိသားစုက နာရေးကြော်ငြာထည့်ထားတာပါ။

ဗိုလ်မှူးဒေါက်တာလင်းထက်ကျော်အောင်နဲ့ သိကျွမ်းတဲ့ နေပြည်တော် ဥတ္တရသီရိမြို့မှာ နေထိုင်တစ်ဦးက ” တိုက်ပွဲကျတာလို့ကျွန်မတို့သိတာ။ နာရေးကြော်ငြာထည့်ဖို့ကိုတောင် တော်တော်လေးညှိနှိုင်းခဲ့ကြရတယ်လို့ကြားတယ်။ အလောင်းတောင် ပြန်သယ်ခွင့်မပေးလို့ ကျောက်ဖြူမှာဘဲသင်္ဂြိုဟ်လိုက်ရတယ်။ ဒီ‌ကနေ ဆွေမျိုးတွေလည်း လိုက်သွားလို့မရဘူး”လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသက်(၄၄)နှစ်အရွယ် ဗိုလ်မှူးဒေါက်တာလင်းထက်ကျော်အောင်ဟာ အငြိမ်းစားဗိုလ်မှူးချုပ်ကျော်အောင်ရဲ့သားဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးဌာနကဒေါ်ပွင့်ကေခိုင်ရဲ့ အစ်ကိုလည်းဖြစ်တယ်လို့ နာရေးကြော်ငြာမှာဖော်ပြထားပါတယ်။ သေဆုံးချိန်မှာ ဇနီးနဲ့သားနှစ်ဦးကျန်ရစ်ခဲ့ပါတယ်။ ၎င်းတို့မိသားစုဟာ နေပြည်တော် ဥတ္တရသီရိမြို့နဲ့ လယ်ဝေးမြို့တို့မှာနေထိုင်ကြသူတွေဖြစ်ပါတယ်။

ယခုရက်ပိုင်း ကျောက်ဖြူမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တောင်မော်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးကာကင်းစခန်းဖြစ်တဲ့ အ၀တောင်ရွာတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ ဆိုပါတယ်။

” ဂျက်ဖိုက်တာနဲ့ ဗုံးလာကျဲပြီး ဟတ်စကီးနဲ့ လူအင်အားဖြည့်တာ။ စစ်တပ်ဘက်ကသေဆုံးတာက တိုက်ပွဲကာလတစ်လျှောက် အများဆုံးလို့‌တောင် ကြားတယ်” လို့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

တောင်မော်ဦးရေတပ်စခန်းကို အာရက္ခတပ်တော် (AA)က သိမ်းယူလိုက်ပြီးလို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် AA က တရားဝင်သတင်းမထုတ်ပြန်သေးသလို သီးခြားအတည်ပြုနိုင်ချင်လည်းမရှိသေးပါဘူး။ အဲဒီသတင်းထွက်ပေါ်ချိန်ဟာဗိုလ်မှူးဒေါက်တာလင်းထက်ကျော်အောင် သေဆုံးချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

၂၀၂၆ နှစ်ဆန်းပိုင်းက တောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ရဲ့ ခမရ ၅၄၂ တပ်ရင်းမှူးဒုဗိုလ်မှုးကြီးစိုးထွေး AA ရဲ့ စနိုက်ဘာထိမှန်သေဆုံးတယ်လို့ သိရပါတယ်။ ဒုဗိုလ်မှုးကြီးစိုးထွေးဟာ စစ်တက္ကသိုလ် (DSA)ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၇ ဆင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လထဲမှာ ‌ကျောက်ဖြူကို ရောက်ရှိလာတာလို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၅ မေလက တိုက်ပွဲအတွင်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်မ ၁၁ ခြေမြန်တပ်ရင်းဌာနချုပ်က နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင်လည်း AA ရဲ့ စနိုက်ဘာထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် တိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့အတူ စစ်သုံ့ပန်းတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ AA ကဖမ်းမိခဲ့ပါတယ်။ AA က ၂၀၂၃ နိုဝင်ဘာလမှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးထဲမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်‌တွေအပါအဝင် သေဆုံးသူနဲ့ ဖမ်းဆီးခံရသူအများအပြားရှိခဲ့ပါတယ်။

၂၀၂၄ ဒီဇင်ဘာလက AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနဲ့တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)ကို သိမ်းယူတဲ့ တိုက်ပွဲမှာ ဗိုလ်မှူးကြီးအောင်နေမျိုး သေဆုံးခဲ့ပါတယ်။ ဗိုလ်မှူးကြီးအောင်နေမျိုးဟာ လက်အောက်ငယ်သားတွေနဲ့အတူ ရွှေတွေနဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးစဉ်မှာ AAတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ရှင်းလင်းခံရတာဖြစ်ပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA က အရှင်ဖမ်းမိခဲ့ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်တွေက တိုက်ပွဲတွေထဲမှာ စကခ (၉) စကခမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းမိခဲ့ပါတယ်။ မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာတော့တပ်မ (၁၁) တပ်မမှူးဗိုလ်မှူးကြီး မင်းမင်းထွန်း သေဆုံးခဲ့ပါတယ်။

ပလက်ဝမြို့သိမ်းတိုက်ပွဲမှာက ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးတာလား၊ ထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ AA က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး သေဆုံးခဲ့ပါတယ်။၂၀၂၅ ဒီဇင်ဘာလ ၂၀ရက်က အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းယူတဲ့တိုက်ပွဲမှာတော့ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းမိခဲ့ပါတယ်။

ယခုရက်ပိုင်းမှာ ကျောက်ဖြူမြို့နယ်ကတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးသေဆုံးခဲ့သလို ရှမ်းပြည်နယ်အရှေ့ပိုင်းမှာလည်းစစ်ကောင်စီတပ်နဲ့RCSS/SSA ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အမှတ်(၃၈၇) အမြောက်တပ်(မိုင်းခုတ်)မှ ဗိုလ်မှူးကျော်ဇင်လတ် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဗိုလ် မှူး ကျော်ဇင်လတ် သေဆုံးတဲ့သတင်းကို စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ရက်ပေါ်မှာတင်ထားကြပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ ဆန်မွန်းကျေးရွာအုပ်စုအနီးမှာ သြဂုတ်လ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖက်မှာ ခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) သတင်းတွေကိုထုတ်ပြန်ပေးနေတဲ့လို့Tai Freedom က ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်