ဩဂုတ်-၂၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ် အုပ်လိုက်နဲ့ သုံးရက်ဆက်ဗုံးကြဲခဲ့တာကြောင့် အရပ်သား၊ ထိခိုက်သေဆုံးမှုတွေ ဆယ်နဲ့ချီ ရှိနေပါတယ်။
ဩဂုတ်လ ၂၆ ရက် ညနေ လေးနာရီကျော်လောက်က ပလက်၀မြို့နယ် မီးဇာရွာနဲ့အနီးပတ်ဝန်းကျင်ကိုဂျက်ဖိုက်တာ ၅စီး ၊Y-12လေယာဥ် ၂ စီးတို့နဲ့ ထပ်မံဗုံးကြဲခဲ့ပါတယ် ။ဗုံးကြဲမှုကြောင့်ထိခိုက်သေဆုံးမှုရှိ၊မရှိကိုတော့ မသိရ သေးပါဘူး။
“ရွာနားတွေကို ပတ်ပြီးပစ်နေခဲ့တာ၊ ရွာသားတွေ ပြေးနေကြရတယ်လို့တော့ သိရတယ်။ အထိအခိုက်တွေ သေချာ မသိရသေးဘူး” လို့ ပလက်၀ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
မီးဇာကျေးရွာဟာပလက်၀မြို့နယ်အထက်ပိုင်းကုလားတန်မြစ်ဖျားမှာတည်ရှိပြီး အာဏာသိမ်းစစ်တပ်အထိုင်ချခဲ့တဲ့တရွန်အိုင်ဗျူဟာအနီးက ရွာကြီးတရွာဖြစ်ပါတယ်။
ဩဂုတ်လ၂၅ ရက်ညကလည်း ပလက်၀မြို့နယ် ရွှေလိုက်ဝရွာအနီးဝန်းကျင်ကို စစ်တပ်က ဗုံးကြဲခဲ့ပြီး မရာလဲန်းကာကွယ်ရေးတပ် (MDF)စစ်သင်တန်းကျောင်းမှ သင်တန်းသား ၅ ဦးကျဆုံးကာ ထိခိုက်ဒဏ် ရာရသူတွေ လည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်၀မြို့နယ် စိမ့်ညှင်းဝရွာကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်းနဲ့ ရွာထဲကိုကျရောက်ပေါက်ကွဲကာ ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။
စစ်တပ်ဟာAAထိန်းချုပ်ထားတဲ့ရခိုင်နဲ့ ပလက်ဝတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေ ပြီးအရပ်သားထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်လာနေတာပါ။ ဒါကြောင့် AA ကစစ်တပ်ရဲ့ အောက်တန်းကျတဲ့အဲဒီလုပ်ရပ်တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ ထုတ် ပြန်၊ သတိပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှု၊ပစ်ခတ်မှုတွေကြောင့်အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦးဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။


















































