အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲက ရုရှားကို သွားရောက်ခဲ့တာဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကို ရုရှားက တိုက်ခိုက်မလာအောင် သတိပေးဖို့ဖြစ်ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဩဂုတ် ၂၅ ရက်နေ့တုန်းက CIA အကြီးအကဲ ဂျွန်ရတ်ကလစ်ဖ်ဟာ ကြိုတင် သတင်းမထုတ်ပြန်ဘဲ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီကို ရုတ်တရက် သွားရောက်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ထောက်လှမ်းရေးဌာန အကြီးအကဲ တစ်ဦးက ရုရှားကို ကိုယ်တိုင်သွားရောက်တယ် ဆိုတာမျိုးဟာ ရှားပါးတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။
သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေးခဲ့သလဲ၊ ရုရှားဖက်က ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲ ဆိုတာတွေကို နှစ်နိုင်ငံစလုံးက မထုတ်ပြန်သေးပါဘူး။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အဲဒီခရီးစဉ်ဟာ ယူကရိန်းစစ်ပွဲ ရပ်စဲစေရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ မတင်မကျ သဘောမျိုးလောက်သာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဩဂုတ် ၂၆ ရက်နေ့မှာတော့ CBSနဲ့ Wall Street Journalတို့လို သတင်းဌာနတွေက ရတ်ကလစ်ဖ်ဟာ ရုရှားအနေနဲ့ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကို တိုက်ခိုက်တာမျိုး မလုပ်ဖို့ သွားရောက် သတိပေး ညှိနှိုင်းခဲ့တာလို့ ဖော်ပြလာပါတယ်။ အမေရိကန် ပါဝင်တဲ့ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ စည်းလုံးမှု၊ လက်တွေ့ အရေးကြုံလာရင် တုံ့ပြန်နိုင်စွမ်းတွေကို စမ်းသပ်ဖို့ ရုရှားက အကန့်အသတ်နဲ့ တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး သတင်းတွေကြောင့် ရတ်ကလစ်ဖ်က မော်စကိုထိ သွားရောက် ဆွေးနွေးခဲ့တာလို့ အဲဒီ သတင်းတွေမှာ ပါရှိခဲ့ပါတယ်။

Public Service Announcement
ရုရှားက ယူကရိန်းအပေါ် ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာလို့ အရပ်သား သေဆုံးမှုတွေ မြင့်တက်လာချိန်မှာ ရတ်ကလစ်ဖ်က ရုရှားကို သွားရောက်ခဲ့ပါ။ သူဟာ ၂၀၂၂ မှာ ရုရှားရဲ့ ကျူးကျော်မှုကြောင့် ယူကရိန်းစစ်ပွဲ စတင်လာတဲ့နောက်ပိုင်း ရုရှားကို ခြေချခဲ့တဲ့ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦးလည်း ဖြစ်လာပါတယ်။
မော်စကို ခရီးစဉ် အတောအတွင်း ရတ်ကလစ်ဖ်ဟာ အီရန်စစ်ပွဲ ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော် ထုတ်ပြန်ချက်မှာတော့ ရတ်ကလစ်ဖ်ဟာ ရုရှား အထူးထောက်လှမ်းရေးအဖွဲ့ အရာရှိတွေနဲ့ စကားပြောခဲ့တယ်လို့ အတည်ပြုထားပေမယ့် သမ္မတ ဗလာဒီမာ ပူတင်နဲ့တော့ မတွေ့ဖြစ်ခဲ့ဘူးလို့ ပါရှိခဲ့ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ရုရှားက ဘာမှ မကြေညာပါဘူး။
ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ရတ်ကလစ်ဖ်ရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေဟာ ပူတင်ဆီ အစီရင်ခံစာ ရောက်ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပေမယ့် ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ဘာတွေ ပြောဆိုဖြစ်ခဲ့သလဲ ဆိုတာကိုတော့ ထည့်ပြောမသွားပါဘူး။
ပက်စ်ကော့ဗ်က ထောက်လှမ်းရေး ဌာနအချင်းချင်း အခုလို ညှိနှိုင်းမှုတွေ ရှိတယ် ဆိုတာက အပေါင်းလက္ခဏာဆန်တဲ့ အခြေအနေ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီကိစ္စကြောင့် ယူကရိန်း ပဋိပက္ခကို ဖြေရှင်းမှုနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာကို ပြောဖို့တော့ စောလွန်းနေသေးကြောင်း ဆိုပါတယ်။
မော်စကိုမြို့ကို CIA အကြီးအကဲတစ်ဦး နောက်ဆုံး ရောက်လာခဲ့တာက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းကပါ။ အဲဒီတုန်းက ဝီလျံဘန်းစ်ဟာ ယူကရိန်းနယ်စပ်နား တပ်တွေပို့ဆောင်နေတဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ရုရှားကို သွားရောက် သတိပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် သုံးလလောက် အကြာမှာတော့ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ပွဲ စတင်လာခဲ့ပါတယ်။
ကိုးကား: AFP


















































