Connect with us

Hi, what are you looking for?

ဆောင်းပါး

ဟိမဝန္တာရဲ့ သတိပေးသံ ကေဒါနတ်ကနေ နီပေါအထိ

ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

(၂၀၁၃ အိန္ဒိယ ၊ကေဒါနတ်​ ရေကြီးပြီး​တွေ့ရစဥ် နဲ့ ၂၀၂၆ နီ​ပေါ​မှာရေကြီးပြီ​တွေ့ရစဥ်။ ဓါတ်ပုံ-ရိုက်တာ၊ PTI )

နောင်နောင် ရေးသားသည်။

ဟိမဝန္တာတောင်တန်းကြီးကို လူအများက “ကမ္ဘာ့ခေါင်မိုး”လို့တင်စားခေါ်ကြပါတယ်။အဲဒီတောင်တန်းကြီးဟာ အလှအပနဲ့သာ သက်ဆိုင်တာမဟုတ်ပါ။ အာရှတိုက်ရဲ့ အရေးကြီးဆုံး ရေအရင်းအမြစ်တွေကို ထိန်းသိမ်းထားတဲ့သဘာဝစနစ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။တောင်ထိပ်တွေပေါ်မှာ နှစ်ပေါင်းထောင်ချီ စုဝေးနေတဲ့ ရေခဲတွေဟာ နွေရာသီမှာ တဖြည်းဖြည်း အရည်ပျော်ပြီး မြစ်တွေကို ရေဖြည့်ပေးပါတယ်။ အဲဒီမြစ်တွေက လူသန်းပေါင်းများစွာရဲ့အသက်မွေးဝမ်းကျောင်းအတွက် အရေးကြီးတဲ့အရင်းအမြစ်တွေ ဖြစ်လာပါတယ်။

ဒါပေမယ့် ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

မနေ့က ၂၀၂၆ ဩဂုတ်လ ၂၆ ရက်နေ့ နီပေါနိုင်ငံ မြောက်ပိုင်း ရာဆူဝါ (Rasuwa) ခရိုင်၊ နီပေါ–တိဘက်နယ်စပ် လင်ဒဲခိုလာ (Lhende Khola) နဲ့ ဘိုတေးကိုရှီ (Bhote Koshi) မြစ်ဝှမ်းဒေသမှာ ဖြစ်ခဲ့တဲ့ ရေဘေးကို ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။ တောင်ပေါ်ကနေ ရေ၊ ရွှံ့၊ ကျောက်တွေ အရှိန်ပြင်းပြင်းနဲ့ ဆင်းလာတာကို မြင်ရတဲ့အခါ ကြောက်စရာကောင်းလှပါတယ်။ လူတော်တော်များများလည်း စိတ်ထဲမှာ မေးကြမယ်ထင်ပါတယ်။ “ဒီလိုနေရာမျိုးမှာ လူတွေ ဘာလို့ ရောက်နေကြတာလဲ။ ဒီလိုအန္တရာယ်ရှိတာ မသိကြဘူးလား” လို့ပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ အဲဒီလူတွေဟာ အန္တရာယ်ရှာပြီး သွားနေကြတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ဘဝ၊ ယုံကြည်ချက်နဲ့ အလုပ်အကိုင်တွေကြောင့် အဲဒီနေရာတွေမှာ ရောက်နေကြတာပါ။

Public Service Announcement

Public Service Announcement

နိပေါရဲ့ ရေဘေးကိုတွေ့တဲ့အခါမှာ ၂၀၁၃ ဇွန်လ၁၆ ရက်ကအိန္ဒိယ ရဲ့ဟိမဝန္တာရေဘေးကို သတိရလို့ ပြန်ကြည့်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်လ က အိန္ဒိယနိုင်ငံ Uttarakhand (ဥတ္တရာခန့်) ပြည်နယ်၊ Kedarnath (ကေဒါနတ်) မှာဖြစ်ခဲ့တဲ့ ရေဘေးဟာ ဟိမဝန္တာသမိုင်းထဲက အကြီးမားဆုံးသဘာဝဘေးတွေထဲကတစ်ခု ဖြစ်ပါတယ်။ကေဒါနတ်ဆိုတာသာမန်ရွာလေးတစ်ရွာ မဟုတ်ပါဘူး။ ဒါဟာဟိန္ဒူဘာသာဝင်တွေအတွက် အလွန်အရေးကြီးတဲ့ ဘုရားဖူးနေရာတစ်ခု ဖြစ်ပါတယ်။ကေဒါနတ်ဘုရားကျောင်း(Kedarnath Temple)ကိုအဓိကသွားကြတာပါ။

အဲဒီနေရာက တောင်မြင့်ကြီးတွေအကြား၊ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၅၀၀ကျော်လောက်မှာရှိတဲ့နေရာပါ။အဲဒီနေရာကို လူတွေက ဘုရားဖူးဖို့ ကေဒါနတ် ဘုရားကျောင်းကို ဖူးမြော်ဖို့ ဘာသာရေးယုံကြည်ချက်အရ ဆုတောင်းဖို့ လာကြပါတယ်။ ဒါပေမယ့် ဘုရားဖူးတွေပဲ မဟုတ်ပါဘူး။ အဲဒီမှာ ဒေသခံတောင်ပေါ်လူမျိုးတွေ၊ဟိုတယ်၊တည်းခိုခန်းလုပ်သားတွေ၊စားသောက်ဆိုင်လုပ်သားတွေ၊ မြင်း၊ မြည်းနဲ့ သယ်ယူပို့ဆောင်ပေးသူတွေ၊ လမ်းပြတွေ၊ ဘုရားကျောင်းဝန်ထမ်းတွေလည်း နေထိုင်အလုပ်လုပ်ကြပါတယ်။ သူတို့အတွက် အဲဒီတောင်ကြားဟာ ဘေးအန္တရာယ်နေရာတစ်ခုဆိုတာထက် သူတို့ဘဝရဲ့ အလုပ်နဲ့ အိမ် ဖြစ်နေတာပါ။

အဲဒီအချိန်မှာ မိုးအလွန်များခဲ့ပါတယ်။ မိုးရေတွေ၊ နှင်းနဲ့ ရေခဲအရည်ပျော်လာတဲ့ရေတွေ စုပြီး တောင်ပေါ်မှာရေထုကြီးဖြစ်လာပါတယ်။

ကေဒါနတ် အထက်ပိုင်းက Chorabari (ချိုရာဘာရီ) ရေခဲရေကန်နားမှာ ရေထိန်းထားတဲ့ သဘာဝတားတံ အားနည်းလာပြီး ရေတွေ ရုတ်တရက် လွှတ်ထွက်လာခဲ့ပါတယ်။ အဲဒီရေထဲမှာ ရွှံ့၊ ကျောက်တုံးကြီးတွေ၊ သစ်ပင်နဲ့ အပျက်အစီးတွေ ပါလာပါတယ်။ ဒါကြောင့် သာမန်ရေကြီးတာမဟုတ်တော့ဘဲ တောင်ပေါ်ကနေ ဆင်းလာတဲ့ ကျောက်ရွှံ့ရေစီးကြီး ဖြစ်သွားပါတယ်။ လူတွေက ရေ‌တွေကို မြင်ပြီး ပြေးဖို့တောင် အချိန်မရခဲ့ပါဘူး။အဲဒီဘေးမှာလူ၁,၀၀၀ကျော်သေဆုံးခဲ့ကြောင်းအတည်ပြုထားပါတယ်။ ပျောက်ဆုံးသူတွေပါ ထည့်တွက်ရင် သေဆုံးသူနှင့် ပျောက်ဆုံးသူ စုစုပေါင်းဟာ ငါးထောင်ခန့် ရှိတယ်လို့ သိရပါတယ်။ ရွာတွေ၊ လမ်းတွေ၊ တံတားတွေ၊ တည်းခိုနေရာတွေ အများအပြား ပျက်စီးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်မှာ လူတွေကြားအံ့ဩစရာအဖြစ်ပြောစရာတခုလည်း ရှိခဲ့ပါတယ်။ အဲဒါကတော့ ကေဒါနတ်ဘုရားကျောင်း ကအပျက်

အစီးနည်းခဲ့တာပါ။ ရေ၊ ရွှံ့၊ ကျောက်တွေ စီးဆင်းလာတဲ့အခါ အလွန်ကြီးမားတဲ့ ကျောက်တုံးကြီးတစ်လုံး က ဘုရားကျောင်းရဲ့ အနောက်ဘက်မှာ ရပ်တန့်သွားခဲ့ပါတယ်။ အဲဒီကျောက်တုံးကြီးက ရေစီးရဲ့ တိုက်ရိုက်အားကို ခွဲပေးခဲ့တယ်။ ကျောက်နဲ့ ရွှံ့တွေကို ဘေးဘက်ခွဲပေးခဲ့တယ်၊ ဘုရားကျောင်းနံရံကို တိုက်ရိုက်မထိအောင် ကာကွယ်ပေးခဲ့တယ်လို့ ဘူမိဗေဒပညာရှင်တွေက သုံးသပ်ကြပါတယ်။သိပ္ပံပညာရှင်တွေက “နေရာအနေအထား၊ကျောက်တုံးကြီးရဲ့တည်နေရာ၊အဆောက်အအုံတည်ဆောက်ပုံတွေ ပေါင်းစပ်ပြီး ကံကောင်းစွာ ရှင်သန်ခဲ့တာ” လို့ ရှင်းပြကြပါတယ်။ ဘာသာရေးယုံကြည်သူတွေကတော့ “ရှီဝဘုရားရဲ့ ကာကွယ်မှုကြောင့် ဘုရားကျောင်း ကျန်ခဲ့တာ” လို့ ယုံကြည်ကြပါတယ်။

နီပေါဖြစ်ရပ်မှာလည်း အခြေအနေက ဆင်တူပါတယ်။ ဒီနေရာတွေဟာ ဟိမဝန္တာတောင်တန်းကြီးရဲ့ မြစ်ဖျားဒေသတွေပါ။ တောင်တွေ မြင့်တယ်၊ ရေခဲတွေရှိတယ်၊ မြစ်တွေက ချိုင့်ဝှမ်းထဲကို စီးဆင်းကြပါတယ်။ ဒီလိုနေရာတွေဟာ သဘာဝအရ အလွန်လှပပေမယ့် တစ်ချိန်တည်းမှာပဲ အလွန် အန္တရာယ်ရှိတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။

နီပေါဘက်မှာ ရောက်နေသူတွေက ဒေသခံတောင်ပေါ်လူမျိုး‌တွေ၊ တောင်တက်ခရီးသွားတွေ၊ trekking လုပ်သူတွေ၊ လမ်းပြတွေ၊ သယ်ဆောင်ပေးသူ‌တွေ၊တည်းခိုခန်း၊ စားသောက်လုပ်ငန်းလုပ်သူတွေ ဖြစ်ကြပါတယ်။ တချို့နေရာတွေဟာ ဘာသာရေးခရီးသွားလမ်းကြောင်းတွေနဲ့လည်း ဆက်နွယ်ပါတယ်။ တချို့က ခရီးသွားဖို့လာကြတာ၊ တချို့က အလုပ်အတွက် ရှိနေကြတာ၊ တချို့ကတော့ အဲဒီတောင်တန်းမှာပဲ မွေးဖွားကြီးပြင်းလာသူတွေ ဖြစ်ပါတယ်။ အခုချိန်ထိ နီ​ပေါ၊တီဘက် အားလုံး​ပေါင်းရင် သေဆုံးသူ အနည်းဆုံး ၃၉၀ ရှိလာပြီး ၊ ပျောက်ဆုံးနေသူ ၁၅၀၀ ရှိတယ်လို့ သတင်းတွေကနေသိရပါတယ်။

အစောပိုင်းမှာလူအများက “မဖြစ်ခင် ငလျင်လှုပ်တယ်၊ ငလျင်ကြောင့် ဖြစ်တာလား” လို့ ထင်ခဲ့ကြတာပါ။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိမဝန္တာဟာ ငလျင်ဖြစ်လေ့ရှိတဲ့ ဒေသပါ။ ဒါပေမယ့် လေ့လာသူတွေကတော့ ဖြစ်နိုင်ခြေတွေကို ခွဲပြီး ကြည့်နေကြပါတယ်။လက်ရှိသုံးသပ်ချက်တွေအရ ရေခဲတောင်အပိုင်း ပြိုကျခြင်း၊ ကျောက်တောင်ပြိုကျခြင်း၊ ရေခဲနဲ့ ကျောက်ရောနှောပြီး မြစ်ထဲ ဝင်ကျခြင်းတွေက အဓိကဖြစ်နိုင်တယ်လို့ လေ့လာနေကြပါတယ်။တစ်ခါတလေ တောင်ပြိုမှုကြီးတစ်ခု ဖြစ်တဲ့အခါ မြေငလျင်လို တုန်ခါမှုကိုတောင် ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် “ငလျင်ကြောင့်” နဲ့ “တောင်ပြိုလို့ တုန်ခါတာ” လား ဆိုတာကို ခွဲခြားသိနိုင်ဖို့လိုပါတယ်။

အဓိကအကြောင်းတစ်ခုက ရာသီဥတုပြောင်းလဲမှုပါ။ ကမ္ဘာအပူချိန် တက်လာတဲ့အခါ ရေခဲတောင်တွေ ဆုတ်လာတယ်။ အရင်က ရေခဲနဲ့ ခိုင်မြဲနေတဲ့ ကျောက်တွေ ပေါ်လာတယ်။တောင်စောင်းတွေအားနည်းလာတယ်။

ရေခဲပျော်ရေတွေ စုပြီး ရေကန်အသစ်တွေ ဖြစ်လာနိုင်တယ်။ ဒီအရာတွေက တောင်ပေါ်ကို ပိုမတည်ငြိမ်စေတာဖြစ်နိုင်ပါတယ်။

အရေးကြီးဆုံးက တောင်ပေါ်ခရီးသွားမယ်ဆိုရင်ရာသီဥတုအခြေအနေကို ကြိုကြည့်ပါ။ မိုးအလွန်များတဲ့အချိန် မသွားပါနဲ့။ မြစ်ကမ်းနား၊ ချိုင့်ဝှမ်းအောက်ပိုင်းမှာ မတည်းခိုပါနဲ့။ ဒေသခံတွေရဲ့ သတိပေးချက်ကို လိုက်နာပါ။ ရေ၊ ရွှံ့၊ ကျောက် စီးလာတာတွေ့ရင် ဗီဒီယိုရိုက်ဖို့ မနီးမကပ်ပါနဲ့။ ကား၊ ပစ္စည်းယူဖို့ ပြန်မသွားပါနဲ့။ မြစ်အတိုင်း မပြေးပါနဲ့။မြင့်တဲ့နေရာကို ချက်ချင်း ရွှေ့ပါ။

ကေဒါနတ်ဖြစ်ရပ်နဲ့ နီပေါ ဟိမဝန္တာဖြစ်ရပ်တွေက သဘာဝရဲ့ အင်အားကို လူသားတွေ လျှော့မတွက်သင့်ကြောင်း သတိပေးနေပါတယ်။ တောင်တန်းဒေသတွေဟာ လှပပေမယ့် တစ်ချိန်တည်းမှာ ရေခဲပြိုကျမှု၊ မြေပြိုမှု၊ ရုတ်တရက်ရေဘေးတွေ ဖြစ်နိုင်တဲ့ နေရာတွေပါ။ ဒါကြောင့် သဘာဝကို ကြောက်ရွံ့ရုံမဟုတ်ဘဲ နားလည်ဖို့၊ ရာသီဥတုသတိပေးချက်တွေကို လိုက်နာဖို့၊ အန္တရာယ်ရှိတဲ့နေရာတွေမှာ သတိရှိရှိ နေထိုင်သွားလာဖို့ လိုအပ်ပါတယ်။ ။

ကိုးကား –
• National Disaster Management Authority (NDMA), India
• Uttarakhand Disaster 2013 — Causes, Impact and Lessons Learned
• IPCC — Intergovernmental Panel on Climate Change

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံ ထိစပ်ရာ နယ်စပ်မှာ ရုတ်တရက် ရေကြီးပြီး လူရာနဲ့ချီ သေဆုံး၊ ထောင်နဲ့ချီ ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်ဟာ ရေခဲမြစ်တစ်ခု ကျိုးပျက်မှုကြောင့် ဖြစ်တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ တိဘက်ကုန်းမြင့်နဲ့ နီပေါနိုင်ငံတို့ ထိစပ်ရာ နယ်စပ်ဒေသနားက ရုတ်တရက် ရေကြီးမှုမှာ သေဆုံးသူ ၁၆၀ ထက်မနည်း ရှိလာသလို နောက်ထပ် ရာနဲ့ချီ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

ဆောင်းပါး

(ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲပြင်တွေနဲ့ ရေခဲမြစ်တွေ အရည်ပျော်လာတဲ့အခါ)

နိုင်ငံတကာ

တရုတ်ရဲ့ တိဘက်ကုန်းမြင့် ဒေသနဲ့ နီပေါနိုင်ငံ နယ်စပ်နားမှာ ရုတ်တရက် အကြီးအကျယ် ရေကြီးမှုကြောင့် ကမ္ဘာ့လှည့် ခရီးသွားတွေ အပါအဝင် လူပေါင်း ရာနဲ့ချီ ပျောက်ဆုံးနေပါတယ်။