ဩဂုတ်-၂၇၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ကဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းမှာ ချင်းပြည်နယ်ပလက်ဝမြို့နယ် မီးဇာရွာကို လေယာဉ်အုပ်နဲ့ ဗုံးကြဲခဲ့တာကြောင့်ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းလေးနာရီခွဲကျော်အချိန်လောက်မှာ ဂျက်ဖိုက်တာ ၅ စီး၊ Y12 တစ်စီးနဲ့ ဗုံးအ လုံးရေ ၅၀လောက် ကြဲချတိုက် ခိုက်ခဲ့တာပါ။
ဗုံးကြဲမှုကြောင့် သားအမိနှစ်ယောက်နေထိုင်တဲ့ အိမ်ကိုတည့်တည့်ကျရောက်ပေါက်ကွဲကာသေဆုံးခဲ့ပြီး လက်ရှိမှာဒေသခံတွေဟာရွာမှာမနေထိုင်ရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Public Service Announcement
“ဒဏ်ရာရတဲ့သူကခြောက်ယောက်လို့ သိရတယ်။ အဲဒီထက်များနိုင်သေးတယ်။ ဗုံးကြဲကတည်းက ရွာသားတွေ ရှောင်နေကြတော့ စာရင်းအတိအကျမရဘူး။ ရွာထဲတွေ၊ ရွာနားတွေကိုရော တရစပ်ကြဲနေခဲ့တာကိုး။ အကုန် ကြောက်လန့်ကုန်တယ်။အခု ရွာမှာ လူတောင်မရှိသလောက်ဖြစ်သွားပြီ” လို့ မီးဇာရွာအနီး နေထိုင်တဲ့ ကုန်သည် တဦးက ပြောပါတယ်။
စစ်တပ်ဗုံးကြဲတဲ့မီးဇာရွာဟာအိန္ဒိယ-ရခိုင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ် ပလက်၀မြို့နယ်အထက်ပိုင်း ကုလားတန်မြစ်ဖျားမှာ တည်ရှိပါတယ်။အာရက္ခတပ်တော်(AA)မသိမ်းပိုင်ခင်ကစစ်တပ် အထိုင်ချခဲ့ တရွန်အိုင်ဗျူဟာအနီးကရွာကြီးတရွာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်ကို သုံးရက်ဆက်တိုက် လေ ကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူ ဆယ်ချီ ရှိခဲ့ပါတယ်။
ဩဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တို့မှာလည်း ပလက်၀မြို့နယ် နဲ့ ရွှေလိုက်ဝရွာအနီးဝန်းကျင်နဲ့ စိမ့်ညှင်းဝကျေးရွာ တို့ကို ဗုံးကြဲခဲ့ပြီးစိမ့်ညှင်းဝဘုန်းတော်ကြီးကျောင်းမှာ စာသင်နေတဲ့ ကလေးငယ်တွေအပါအဝင် ၁၀ဦး သေဆုံးပြီး၂၄ ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ရခိုင် ပြည်နယ်နဲ့ပလက်ဝမြို့နယ်တွေကို ပြည်သူတွေကိုပါပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့်အရပ်သားထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်လာနေတာပါ။ အဲဒီလို စစ်တပ်ရဲ့ အောက်တန်းကျတဲ့ အဲဒီလုပ် ရပ်တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ AA ကထုတ် ပြန်၊ သတိပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်းအာဏာသိမ်းစစ်တပ်ရဲ့လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။


















































