ဩဂုတ် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်ကိုလာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုဆိုမှာ မဟုတ်ဘဲ တိုက်ခိုက်မှုတွေရှိနေမယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက်မနက်က စစ်ကိုင်းတိုင်း၊ ကသာကနေ ကချင်ပြည်နယ် ရွှေကူမြို့ကို ထွက်ခွာသွားတဲ့ အခြေအနေ၊ ရွှေကူကနေ ဗန်းမော်မြို့ ဆက်လက်တက်လာနိုင်ခြေ ရှိမရှိ တို့နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြတာပါ။
မနေ့က စစ်သင်္ဘောအချို့ ရွှေကူမြို့ကို ရောက်ရှိခဲ့ပြီး ရွှေကူကနေ ဗန်းမော်မြို့သို စစ်သင်္ဘောတွေ ဆက်တက်လာနိုင်ခြင်းရှိမရှိ နဲ့ပတ်သက်ပြီး ကြိုတင်ပြောဆိုလို့ အဆင်မပြေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement
” ဒါပေမဲ့ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေလည်း လက်ဗလာနဲ့ ကြိုဆိုနှုတ်ဆက်နေမှာတော့ မဟုတ်ပါဘူး။ အဲဒါကိုတော့ ကျနော်ပြောလိုပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပြင်းထန်မယ် ဘယ်လိုလုပ်မယ်ဆိုတာကတော့ ကျနော်လည်း ကြိုတင်ပြီးမှတော့ ဘာမှ ပြောလို့တော့ အဆင်မပြေဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဩဂုတ် ၂၈ရက်မနက်မှာ ပြောပါတယ်။
လက်ရှိမှာ စစ်သင်္ဘောအချို့ ရွှေကူရောက်တယ်လို့ သတင်းရထားပြီး အချို့က လမ်းခုလတ်မှာ ရပ်နေတယ်လို့ ကြားရကြောင်းလည်း သူက ပြောပြပါတယ်။
မြေပြင်အခြေအနေ အသေးစိတ်ကို မကြားရပေမယ့် ဩဂုတ် ၂၇ရက်မှာ စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာရှိကြောင်း ပြောပြပါတယ်။
“ အဲဒီ သင်္ဘောရဲ့လမ်းရှင်းတာ။ ဧရာ၀တီမြစ်ရဲ့ အရှေ့ဘက်ခြမ်းတို့ အနောက်ဘက်ခြမ်းတို့ ကမ်းမှာ နေနေတဲ့ ရွာတွေမှာတောင်မှ ဗုံးကြဲတယ်လို့ သတင်းရပါတယ်။ရွှေကူဘက်မှာ အခု သင်္ဘောတွေ ရောက်ရင်တော့ စစ်ရေးကတော့ ပိုပြီးမှ ပြင်းထန်မယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီ ရွှေကူတ၀ိုက်မှာကတော့ လွန်ခဲ့တဲ့ သုံးလေးရက်လောက်မှာ တိုက်ပွဲတွေက နေ့တိုင်းလိုရှိတယ်။ အခုလည်း ရှိမယ်လို့ ကျနော်ထင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း ကသာကနေ ရွှေ့ကူကိုလာတဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရမှု ရှိတယ်လို့ လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။ နေရာ ၄ခုမှာ တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသုံးစီး စက်ခေါင်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်က တိုက်လေယာဉ်နဲ့ ၁၄ကြိမ်၊ Y12 လေယာဉ်နဲ့ ၇ကြိမ် လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း သတင်းရင်းမြစ်က အသိပေးထားပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့ ဩဂုတ် တတိယပတ်မှာ မန္တလေးကနေ ဧရာ၀တီမြစ်ကြောင်းအတိုင်း သင်္ဘောတွေ ထွက်ခွာလာရာ လမ်းတလျှောက်မှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှု အချို့ ကြုံခဲ့ရပါတယ်။ စစ်သင်္ဘောအုပ်စုမှာ တိုက်ခိုက်ရေးသင်္ဘောတွေ၊ တွန်းသင်္ဘောတွေ အပါအဝင် စုစုပေါင်း သင်္ဘော ၁၅စီးခန့် ပါဝင်တယ်လို့ သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။


















































