သြဂုတ်-၂၈၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။
ဩဂုတ်လ ၂၇ ရက် ည၉နာရီခန့်က ငါးသိုင်းချောင်းမြို့ရွာသစ်ကုန်းတံတားအနီးမှာလှေတစ်စီးတိမ်းမှောက်သွားတာပါ။ လှေပေါ်မှာပါတဲ့ အမျိုးသား နှစ်ဦးအနက်တစ်ဦးပျောက်ဆုံးနေတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
“တစ်ယောက်ကလှေကိုဖက်ထားပြီးကျန်နေခဲ့တာ။နောက်တစ်ယောက်ကဂစ်တာမျောသွားလို့လိုက်ဆယ်ရင်းပျောက်သွားတာ။အခုမနက်အထိ မတွေ့ဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ရွာသစ်ကုန်းတံတားဟာ ငါးသိုင်းချောင်းမြို့ကနေ လေးမျက်နှာမြို့ဘက်ကိုသွားတဲ့လမ်းပိုင်းမှာရှိပါတယ်။လက်ရှိမှာ ရေပြန်ကျနေပေမယ့် ရေစီးသန်နေဆဲလို့ ဒေသခံတွေကပြောပါတယ်။
ဧရာဝတီတိုင်းလေးမျက်နှာမြို့မှာပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီး နေပါတယ်။ လက်ရှိမှာ လေးမျက်နှာ၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေကျနေပေမယ့် ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေတက်နေဆဲဖြစ်ပါတယ်။ ဒေသခံတွေဟာ လှေတွေ၊ စက်လှေတွေနဲ့ ဝါးဖောင်တွေသုံးပြီး သွားလာနေရပါတယ်။
ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့ သြဂုတ်လ၁၈ရက်နေ့မှာလည်းလူတစ်ဦးရေနစ်သေဆုံးပြီး သြဂုတ်၁၉ရက်နေ့မှာ နောက်ထပ်တစ်ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငါးသိုင်းချောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာလည်း ဩဂုတ်လ၂၂ရက်နေ့ညနေက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ရေဘေးကြောင့် သေဆုံးသူစာရင်းကို စစ်ကောင်စီကတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေဘေးမှာ သြဂုတ်လ ၂၇ရက်နေ့အထိ ၁၂ဦးထက်မနည်းသေဆုံးထားပြီး နှစ်ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ရေဘေးကြိုတင်ကာကွယ်ရေးနဲ့ကယ်ဆယ်ရေးအတွက် စစ်ကောင်စီက အရည်အချင်းမမီဘူးလို့ ဒေသခံတွေက ဝေဖန်နေပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ၈ရက်နဲ့ ၉နေ့မှာ အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောသွားခဲ့ပါတယ်။ဒါပေမယ့်ရေဘေးဟာပိုမိုဆိုးရွားလာပြီးဟင်္သာတ၊ရေကြည် ၊ငသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။


















































